စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ စိန်ကုန်းတိုးချဲ့ ရပ်ကွက်ရှိ စသုံးလုံးရုံးကို လက်ပစ်ဗုံး၂ လုံး ပစ်သွင်း တိုက်ခိုက်မှု အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ စိန်ကုန်းတိုးချဲ့ရပ်ကွက်ရှိ စသုံးလုံးရုံးကို PAFD တပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ရာ ရုံးအတွင်းရှိ အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“အဲဒီ စသုံးလုံးရုံးက ပြည်သူတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို လိုက်လံ ဖမ်းဆီး စုံစမ်းနေတဲ့ ရုံးပါ ပြီးတော့ ရုံးအစောင့်တွေနဲ့ ကျကျနန ကင်းချထားပြီး စစ်ကိုင်းမြို့တစ်ခုလုံးက ခွေးတွေ ကင်းဝပ်တာ ကင်းပတ်တာတွေ လုပ်ဆောင်နေလို့ ခက်ခက်ခဲခဲ စွန့်စွန့်စားစား တိုက်ခိုက်မှု ဆောင်ရွက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် စသုံးလုံးရုံး အဆောက်အဦး ပျက်စီး ထိခိုက်သွားတယ်။ အဲရုံးကို မိုးလင်းတာနဲ့ တစ်ပြိုင်နက် ချက်ချင်းပြင်ဆင်နေတယ်။ စစ်ခွေး ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး စုံစမ်းနေတယ်” ဟု အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ၏ယန္တရားလည်ပတ်ရာမြို့ဖြစ်သော စစ်ကိုင်းမြို့ဌာနဆိုင်ရာများကို ယခုထက်ပိုမို တိုက်ခိုက်မှု ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သ၍ ကူညီပေးစေလိုပါကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD) က မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။