ရခိုင်ပြည် မြို့တော် စစ်တွေမြို့အဝင် စစ်ကောင်စီတပ်ရင်းများအနီးမှ မင်းချောင်းတံတားကို စစ်ကောင်စီတပ်သားများမှ မိုင်းခွဲဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မင်းချောင်းတံတားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေက တစ်ကြိမ်နှင့် ယနေ့ ဖေဖော်ဝါရီ ၁၂ နံနက်က တစ်ကြိမ်တို့ဖြင့် အလုံးစုံပျက်စီးသွားစေရန် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု စစ်တွေဒေသခံများက ပြောဆိုကြသည်။
“၉ ရက်နေ့ကတည်းက မိုင်းခွဲဖျက်ဆီးလိုက်တာ။ သွားလို့မရတော့ဘူး။ စစ်တွေမြို့အနီးက ရွာတွေဟာ မြို့ကို ဟင်းသီးဟင်းရွက်တွေ ရောင်းဖို့ အဲဒီတံတားကို အသုံးပြုသွားနေရတာ။ အခု မိုင်းခွဲဖျက်ဆီးလိုက်တော့ သွားလို့မရတော့ဘူး။ ဒီနေ့မနက်မှာလည်း မိုင်ခွဲဖျက်ဆီးလိုက်တယ်။ အားလုံး ပျက်စီးသွားပါပြီ” ဟု ပြောသည်။
ရခိုင်ပြည် မြောက်ပိုင်းဒေသအတွင်း တပ်ရင်းအမြောက်အများနှင့် မြို့များ ဆုံးရှုံးလာနေ၍ စစ်ကောင်စီသည် စစ်တွေမြို့ကို AA မှ ထိုးစစ်ဆင် မတိုက်ခိုက်နိုင်စေရန် ကုန်းလမ်းကို ဖြတ်တောက်သည့်အနေဖြင့် မင်းချောင်းတံတားကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်သူ ဒေသခံတစ်ဦးက ပြောသည်။
“ကြည့်ရတာက စစ်ကောင်စီက စစ်တွေမြို့ကို ကားလမ်းကနေ လာတိုက်လို့မရအောင်လို့ထင်တယ်။ အဲဒီတံတားအနီးမှာလည်း စစ်ကောင်စီတပ်တွေရှိတယ်။ ဘေးပတ်ပတ်လည်မှာ ချောင်းမြောင်းတွေဆိုတော့ တံတားမရှိတော့ရင် AA က လွယ်လွယ်ကူကူ မတိုက်ခိုက်နိုင်ဘူး အထင်နဲ့ တံတားကို ဖျက်ဆီးလိုက်တာ ထင်တယ်။ စစ်တွေကို ဘယ်နေ့ လာတိုက်မလဲ စစ်ကောင်စီတပ်သားတွေက ကြောက်နေကြတာ။ ” ဟု ပြောသည်။
အလားတူ ယမန်နေ့ ညအချိန်ကလည်း ကျောက်တော်မြို့နယ်အား စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ကျောက်တော်မြို့အနီး ကုလားတန်မြစ်ကို ဖြတ်ကူးထားသည့် ကစ္ဆပနဒီတံတား ဗုံးကြဲတိုက်ခိုက်သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကစ္ဆပနဒီတံတား အလယ်ပိုင်းတွင် လူသွားလျှောက်လမ်း ၁၀ ကျော် ပျက်စီးသွားပြီး အခြားသော ကားများသွားရန်လည်း တံတားခိုင်ခံ့မှု အားနည်းသွားပြီဖြစ်သည်။
စစ်ကောင်စီသည် AA ၏ ထိုးစစ်များကို မခံနိုင်၍ ကြည်း၊ ရေ၊ လေတို့ဖြင့် ရသည့်နည်းလမ်းများနှင့် ခုခံနေပြီး စစ်ရေးအရ အရေးပါသည့် လမ်း၊ တံတားများနှင့် ဆက်သွယ်ရေးများကို ဖြတ်တောက် ဖျက်ဆီးလျှက်ရှိနေကြောင်း သိရသည်။