ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးသပိတ် အင်အားစု၊ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီနဲ့ မြောင်လူငယ်ကွန်ရက်(YFC) တို့ ပူးပေါင်းပြီး စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးပြည်သူတွေကို ပဲပြုတ်နဲ့ နံပြား ကျွေးမွေးပြီး စားသောက်ကုန် တချို့ ကူညီ ပံ့ပိုးပေးခဲ့တယ်လို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) – AFCC က သတင်း ထုတ်ပြန်ပါတယ်။
“ဗိုလ်ချုပ် {၁၀၉} နှစ်မြောက်မွေးနေ့၊ (တရားမျှတသော ပြည်သူ့အား အစဥ်အမြဲ ရှေးရှူစေလိုသော လူထု ခေါင်းဆောင် ပုဂ္ဂိုလ်တစ်ဦးအား လွမ်းဆွတ်သတိတရ ရှိခြင်း အထိမ်းအမှတ်)၊ အာဏာသိမ်းမှု စစ်ဘေးကြောင့် နေရပ်စွန့်ခွာ၍ ယာယီ ဘေးကင်းလုံခြုံနိုင်မည့် ဒေသတစ်ခု၌ စစ်ဘေးဒဏ် ရှောင်ရှားနေရပါသော မိဘပြည်သူများကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ပဲပြုတ်နှင့် နံပြား ကုသိုလ်ပြုကာ စားသောက်ကုန် လှူဒါန်းခြင်း လှုပ်ရှားမှုကို မန္တလေး သပိတ်အင်အားစု အဖွဲ့သားများ၊ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီ အဖွဲ့သားများနှင့် မြောင်လူငယ်ကွန်ရက် (YFC)အဖွဲ့သားများက ပူးပေါင်း ဆောင်ရွက် ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်၊ လူထုအပေါ် ထားရှိသော စေတနာမေတ္တာ များအား သတိတရရှိခြင်း၊ မှတ်သား လိုက်နာခြင်းဖြင့် တိုင်းပြည် အာဏာအရပ်ရပ်၊ စုဖွဲ့မှု အရပ်ရပ်သည် ပြည်သူ့ကော၊ တိုင်းပြည် ကောင်းကျိုးကို ဦးတည်သော နိုင်ငံရေးလှုပ်ရှားမှုများ ပေါ်ထွန်းကြပါစေကြောင်း ကျွန်ုပ်တို့ တော်လှန်ရေး အင်အားစုများမှ ဆန္ဒပြုပါသည်” လို့ AFCC က ဖော်ပြပါတယ်။