တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမမှာ WY စိတ်ကြွဆေးပြား အလုံးရေ ၂၈၂၃၀၃ (နှစ်သိန်းရှစ်သောင်းနှစ်ထောင် သုံးရာသုံးလုံး)၊ ကာလပေါက်စျေး ငွေကျပ် ၉၈၈၀၆၀၅၀၀ ကျပ် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့မှ လက်ရဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ရေး-ထားဝယ်လမ်းပိုင်းမှာ ဖေဖော်ဝါရီ ၉ ရက် နေ့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီ စစ်ယာဥ်တန်းအား တိုက်ခိုက်ရန်စောင့်ဆိုင်းနေစဥ် ၊ ကုန်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဥ်ကို မသင်္ကာလို့ စစ်ဆေးရာ WY စိတ်ကြွဆေးပြားများတင်ဆောင်မောင်းနှင်လာတာ စစ်ဆေးတွေ့ရှိရတယ်လို့ ပြောပါတယ်။
ရန်ကုန် မှ ထားဝယ်သို့ မောင်းနှင်လာတဲ့ ၁၂ ဘီးကုန်တင်ယာဥ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ရဲ့ စစ်ရေးပစ်မှတ်နေရာကို ရောက်ရှိလာပြီး၊ ရပ်တန့်စစ်ဆေးခဲ့ရာ WY စိတ်ကြွဆေးပြား အလုံးရေ (၂၈၂၃၀၃)လုံး၊ ငွေကျပ်တန်ဖိုး (၉၈၈၀၆၀၅၀၀) ကျပ်တန်ဖိုးရှိ ဆေးပြားများနဲ့ ငွေသား (၁၁၀၃၂၀၀) ကျပ် ၊ ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးများ တင်ဆောင်လာတဲ့ ယာဥ်မောင်း နဲ့ ယာဥ်နောက်လိုက် ၂ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းကာ၊ မူးယစ်ဆေးဝါး များနဲ့အတူ ယင်းတို့မောင်းနှင်လာတဲ့ ကုန်တင်ကား အား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အထက်ပါ ဖမ်းဆီးမှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (DNLA) ၊ရေဖြူ (ပကဖ) (YPPDF) ၊ဗထူးတပ်မတော် (BHA)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။