ရော်ဘာခြစ်ဖို့သွားတဲ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက လက္ကူးရွာခံ အမျိုးသမီးသုံးဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီး၊ ခေါ်ဆောင်ခံရတဲ့သူတွေဟာ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဒေါ်ငိုသာ၊ ဒေါ်ကုလားမ၊ဒေါ်သန်းဝင်းတို့အပြင် အသက် ၅၀ ဝန်းကျင်အရွယ်ရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးဖြစ်ပါတယ်။ မနေ့က ညနေ ၅ နာရီခွဲအချိန်လောက်မှာ သူတို့ဟာ အပြင်လက္ကူးတောင်ကို ရော်ဘာခြစ်ဖို့သွားတုန်း တောင်ပေါ်မှာ အဖမ်းခံလိုက်ရတာလို့ ဒေသခံတွေက ပြောပြပါတယ်။
ဖမ်းခံရသူ လေးဦးထဲက အမျိုးသားကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသမီးသုံးဦးကိုသာ ဖမ်းခေါ်သွားတာလို့ ပြန်လွတ်လာသူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
“အမြဲတမ်းဆိုရင်ယောက်ျားကိုဖမ်းနေကြလေ။ အခုက ယောက်ျားကိုပြန်လွှတ်ထားခဲ့ပြီး မိန်းမတွေကိုဖမ်းတာဆိုတော့ ကျနော့်စိတ်ထဲ နည်းနည်း အံ့ဩမိတယ်။ အခုချိန်ထိတော့ အစအနမရသေးဘူး။” လို့ သက်လတ်ပိုင်းအရွယ် လက္ကူးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အပြင်လက္ကူးတောင် ဆိုတဲ့နေရာဟာ လက္ကူးရွာကနေ လယ်ကွင်းပြင်တွေကိုဖြတ်ပြီးမှ သွားရတဲ့ တောင်ဖြစ်ပါတယ်။
မနေ့ညနေက စစ်သင်္ဘောတစ်စီး လက္ကူးရွာအနီးမှာရှိတဲ့ ပင်လယ်ချောင်းဝအနီးကိုရောက်လာခဲ့ပြီး ဒီကနေ့မနက်ပြန်ထွက်သွားတယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးထားတဲ့အမျိုးသမီးသုံးဦးကို အဲဒီစစ်သင်္ဘောထွက်တဲ့အချိန် ဖမ်းခေါ်သွားတာဖြစ်နိုင်တယ်လို့ ရွာသားတွေက ခန့်မှန်းပြောဆိုနေကြပေမယ့် အခုလက်ရှိဘယ်မှာဖမ်းဆီးခံထားရတယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
ပင်လယ်ကမ်းခြေရွာဖြစ်တဲ့ လက္ကူးရွာအနီးတဝိုက်ကို စစ်ကောင်စီက ရေကြောင်းအသုံးပြုကာ စစ်ရေးလှုပ်ရှားတာတွေ တခါတရံရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။