နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို တရာရုံးထုတ်မှာ ထွက်ပြေးတယ်ဆိုပြီး စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ မိသားစုဝင်ရဲ့အတည်ပြုချက်ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM ) က ဒီနေ့မှာ ဖော်ပြပါတယ်။
အခုလဖေဖော်ဝါရီ ၈ ရက် က ပဲခူးတိုင်း ၊ဝေါမြို့နယ် တရားရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခံရတာကို မိသားစုဝင် မောင်ဖြစ်သူ ကအတည်ပြုတယ်လို့ PPNM က ဆိုပါတယ်။
ရုံးထုတ်ပြီးအပြန် သနပ်ပင်မြို့နယ် ၊ကျိုက်လတ်ရွာအရောက်မှာ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ကာ ဝေါဆေးရုံ ပို့လိုက်တာလို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။
မနိုဘယ်အေးနဲ့အတူ ဖမ်းခံရတဲ့ အမျိုးသား ၁ဦးကိုပါ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာလို့ ကိုထက်မြက်ရဲ့ ပြောကြားချက်အရသိရပါတယ်။
” သူတို့ ၂ ယောက်ကို လူမသိ၊သူမသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုဟ်ခဲ့တယ် ၊ဘယ်နေရာမှာ သင်္ဂြိုဟ်တယ်ဆိုတာကိုတော့ မသိရဘူး” လို့ မနိုဘယ်အေးရဲ့ မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက် က ပဲခူးတိုင်း ၊ညောင်ခါးရှည်ဂိတ်မှာ မနိုဘယ်အေး အပါအဝင် ၂ ဦးကို လက်နက်တွေနဲ့ အတူဖမ်းမိတယ်လို့စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
မနိုဘယ်အေးဟာ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှာ ပါဝင်ခဲ့လို့ထောင်ဒဏ် ၄၂ နှစ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းဖြစ်ပြီး ၂၀၀၇ လောင်စာဆီ ကိစ္စမှာလည်း ဖမ်းဆီးခံခဲ့ရပါတယ်။