ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အရှေ့ဘက် မှော်ဘီတံတားဂိတ်မှာစစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ် PNO အဖွဲ့က ခရီးသွားပြည်သူတွေရဲ့ စားသောက်ကုန်ပစ္စည်းတွေကို လုယူနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
အဲ့ဒီ့ မှော်ဘီဂိတ်ကို ယခင်ကထက် အင်အားတိုး ချထားပြီးနောက်မှာ တစ်နေ့ထက်တစ်နေ့ အစစ်အဆေးကြမ်းနေပြီး ပြည်သူများပါလာတဲ့ စားသောက်ကုန်ပစ္စည်းများပါမကျန် လုယူနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ခရီးသွားတစ်ဦးထံက ကျပ် ၈ သိန်းဖိုးလောက် အဓမ္မယူခံရတယ်လို့ သိရပါတယ်။
အချို့ဈေးသည်တွေ ဈေးရောင်းဖို့ ဝယ်လာသတဲ့ ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ကြက်ဥ၊ ဆီနဲ့ အခြား စားစရာတွေကိုလည်း အတင်းယူသွားခံရပြီး မကျေနပ်တာကို ပြန်မပြောရဲကြဘူးလို့ ဆိုပါတယ်။
ယင်းမှော်ဘီတံတားဂိတ်ဟာ စံကား၊ နန်းတုတ်ကနေ မိုးဗြဲ၊ ပင်လောင်း၊ နောင်တယားနဲ့ဆီဆိုင်၊ ဘန်းယဥ်၊ ဆိုက်ခေါင် ၊ကျောက်တလုံးဘက်တွေကိုသွားတဲ့ လမ်းဆုံမှာ ရှိနေသလို တံတားအောက် ရေလမ်းကနေ မိုးဗြဲကိုသွားတဲ့ လှေတွေလဲ အဲဒီဂိတ်ကို အခွန်ဆောင်ပြီးသွားရတယ်လို့ သိရပါတယ်။
အရင်က အဲဒီဂိတ်မှာ PNO က ဗိုလ်မှူး ဦးစီး ပြည်သူ့စစ် ရာဂဏန်းလောက် ထိုင်ပေမယ့် အခု စစ်ကောင်စီရှေ့တန်းဗျူဟာအဆင့်လာ ထိုင်နေတယ်လို့ သိရှိရပါတယ်။
ရှမ်းတောင်ကတော်လှန်ရေးတပ်တွေက ဖယ်ခုံက စစ်စခန်းတွေကို မကြာခဏ တိုက်ခိုက်နေတာဖြစ်လို့ လမ်းဆုံဖြစ်တဲ့ ဒီတံတားကို အင်အားတိုးချထားတာ ဖြစ်တယ်လို့ သိရှိရပါတယ်။