ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်အရှေ့ဘက်၊ တလုပ်ပင်ကျေးရွာအုပ်စုတွင် စစ်တပ် ပေါ်တာဆွဲမှုများ မဖြစ်ပေါ်စေရန်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး ရဲမြင့်နှင့်စစ်သားများက ကျေးရွာများမှ တစ်အိမ်ထောင်လျှင် ငွေကျပ် သုံးသောင်း ကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူများ စစ်မှု မထမ်းမနေရ ဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးနောက် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်အရှေ့ဘက် တလုပ်ပင်ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ရဲမြင့်၊ ရာအိမ်မှူး စန်းလွင်တို့က စစ်တပ်နှင့်ပူးပေါင်း၍ ကျေးရွာများတွင် တစ်အိမ်ထောင်လျှင် ငွေကျပ် သုံးသောင်း ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။
“အုပ်ကြီးရဲမြင့်နဲ့ ရာအိမ်မှူးစန်းလွင်တို့က စစ်တပ်နဲ့ပေါင်းပီး ရွာထဲမှာ တစ်အိမ် သုံးသောင်းပေးထားရင် ပေါ်တာမဆွဲဘူး။ တစ်အိမ် သုံးသောင်းတောင်းတယ်။ အဲဒါ ရွာမှာ အားလုံး လူငယ်တွေ အေးဆေးနေလို့ရမယ်။ တစ်အိမ် သုံးသောင်း အပြီးပေးဆိုပြီး ကောက်တာ။ ရွာတွေကလည်း ကြောက်တော့ ပေးရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ငွေကြေးပေးထား၍ စစ်တပ်က ပေါ်တာဆွဲခြင်းမပြုလုပ်သော်လည်း ပြည်သူ့စစ်နှင့် စစ်မှုထမ်းရန်အတွက် ကျား၊ မစာရင်း၊ အသက်အရွယ်စာရင်းများ၊ သန်းခေါင်စာရင်းများကိုမူ ကောက်ယူမှု ပြုလုပ်ကြောင်း သိရှိရသည်။