ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်၊တောင်လည်ရွာ၊ ညောင်ဝန်းကားလမ်းပေါ်တွင် ဆိုင်ကယ်များနှင့် ကားများဖြင့် သွားလာနေသော အကြမ်းဖက်စစ်သားများနှင့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း (၃၆၀၁ PPDF)တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန် အကြမ်းဖက်စစ်သားနှင့် ရဲများသည် လက်နက်အပြည့်အစုံဖြင့် ညောင်ဝန်းကားလမ်းပေါ်တွင် ဆိုင်ကယ် ၃ စီး ၊ Probox ကား ၁ စီးနှင့် ဖြတ်သန်းသွားလာနေစဉ် မိုင်း ၂လုံးဆွဲ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်သား ၁ ဦးသေဆုံးပြီး သေဆုံး အကြမ်းဖက်စစ်သား၏ အလောင်းနှင့် ဒဏ်ရာရသူများကို ပေါက်ခေါင်းဘက်သို့ ကားဖြင့်ပြန်လည်တင်ဆောင်သွားကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၅)တောဘုရင်အဖွဲ့နှင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၂ PDF) တပ်ရင်းတပ်ခွဲ(၃) တပ်စု(၂) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း (၃၆၀၁ PPDF)တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောကြားသည်။
စစ်ရေးမြင့်တင်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ ပျုစောထီးများနှင့် အတူတကွနေထိုင်ခြင်းမပြုကြရန်၊ ၄င်းတို့ရှိရာနေရာများကို ရှောင်ရှားသွားလာနေထိုင်ကြပါရန်၊ လိုက်နာခြင်းမရှိဘဲ အန္တရာယ်တစုံတရာဖြစ်ပေါ်လာပါက မိမိတာဝန်သာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံးဝတာဝန်ယူဖြေရှင်းသွားမည် မဟုတ်ကြောင်း (၃၆၀၁ PPDF)တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြည်သူများသို့ အသိပေးထားသည်။