မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၁၅ ရက် ည ၉ နာရီခွဲခန့်က အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းကာ နေအိမ်များအား ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေစဥ် လူငယ်အမျိုးသားတစ်ဦးက ထွက်ပြေး၍ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အမျိုးမျိုးကြားနေရတယ်။ မူးယစ်ဆေးဝါးဂိုဏ်းဖမ်းတယ်ဆိုတာရော၊ ထောက်ပို့ဆိုတာကော အတိအကျတော့မသိရဘူး။ တစ်ဦးတော့သေတယ်။”ဟု ပြင်ဦးလွင်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူမှာ အသက်(၂၀)အရွယ် ကိုဝေယံ ဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ကျေးရွာအတွင်းရှိ လူငယ်အချို့လည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်မြို့တော်ဖြစ်သော ပြင်ဦးလွင်သည် PDF များလာရောက်တိုက်ခိုက်မည်စိုးရိမ်၍ လုံခြုံရေးအထူးတင်းကြပ်ထားသော ဒေသတစ်ခုဖြစ်သည်။