ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးနှင့် (၉)ရပ်ကွက်ရုံးအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၁၈) နံနက်က ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယနေ့ နံနက် ၅ နာရီခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနှင့် အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
“မနက်က ၅ နာရီလောက်မှာ ဗုံးပေါက်သံတွေ ဆက်တိုက်ကြားရတယ်။ ၁၀ မိနစ်ခြား တစ်ခါလောက်ကို တောက်လျှောက်ပေါက်တာပါ။ မြေကြီးတွေတောင် တုန်သွားသလို ခံစားလိုက်ရတယ်။ ပေါက်တာကတော့ (၁၂)ရပ်ကွက်ရုံးနဲ့ (၉) ရပ်ကွက်ရုံး နားတွေမှာ ပေါက်တာလို့ သိရတယ်။ လူထိခိုက်တာ ရှိ၊မရှိတော့ သေချာမသိရဘူး။ စစ်ကား၊ ရဲကားတွေတော့ တောက်လျှောက်ပတ် စစ်နေပါတယ်”ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။
ယင်းပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ် ကောင်စီဝင်များက (၁၂)ရပ်ကွက်နှင့် (၉) ရပ်ကွက်ကြား စုဆောင်းရေးဝင်းအနီး ခုံးတံတားပေါ်၊ စစ်ကိုင်းလမ်းနှင့် ဖားအံလမ်း လမ်းဆုံတို့အား ပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၃ ဧပြီ ၁၃ ရက်ကလည်း လှိုင် သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သား နှစ်ဦးနှင့် ရာအိမ်မှူး တစ်ဦးဒဏ်ရာရရှိခဲ့သည်။