မြန်မာနိုင်ငံမှ စစ်အာဏာရှင်က အကြမ်းမဖက်ရေး လမ်းစဉ်ကို နားမလည်သဖြင့် ပြည်သူများက စစ်အာဏာရှင် နားလည်သော အင်အားသုံးနည်းလမ်းဖြင့်သာ စကားပြောရန် ကြိုးစားနေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဂျာမနီနိုင်ငံ၊ မြူးနစ်တွင် ဒေသစံတော်ချိန် ည ၁၀ နာရီမှ ည ၁၁ နာရီအထိ ကျင်းပပြုလုပ်သော ပြည်သူလူထု၏ ခုခံစစ်ဆိုင်ရာ စကားဝိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်အာဏာရှင်များသည် အကြမ်းမဖက်ရေး ဆိုသော ဘာသာစကားကို နားမလည်သည့်အတွက် ပြည်သူများက စစ်အာဏာရှင် နားလည်သော အင်အား ဆိုသော ဘသာစကားဖြင့် စကားပြောနိုင်ရေး ခုခံတော်လှန်နေခြင်းဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
“စစ်အာဏာရှင်တွေနားလည်မယ့် ဘာသာစကားနဲ့ မြန်မာပြည်သူတွေက စကား ပြောနေပါတယ်။ စစ်အာဏာရှင်တွေက အကြမ်းမဖက်ရေးဆိုတာကို နားမလည်ဘူး။ ကျမတို့ လမ်းစဉ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ကျမတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အကြမ်းမဖက်ရေး လမ်းစဉ် ဖြစ်ပါတယ်။ ကျမတို့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ စံပြ က အကြမ်းမဖက်ရေးပါ။ ဒါပေမယ့် အခုအချိန်မှာ စစ်အာဏာရှင်က အကြမ်းမဖက်ရေးဆိုတဲ့ လမ်းစဉ်ကို နားမလည်ပါဘူး။ စစ်အာဏာရှင်တွေ နားလည်တာက အင်အားသုံးတာပါပဲ။ ဒါကြောင့် ကျမတို့ ပြည်သူလူထုက စစ်အာဏာရှင် နားလည်မယ့် ဘာသာရပ်နဲ့ စကားပြောဖို့ ကြိုးစားနေတာပါ။ ကျမတို့ တော်လှန်ရေးကစစ်အာဏာရှင်ကို ဖြိုချဖို့ Smart Power ဖြစ်တဲ့ လက်ရုံးရည်၊ နှလုံးရည် ပူးပေါင်းထားတဲ့ တော်လှန်ရေးပါ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
ထို့ပြင် အာဏာရှင်နိုင်ငံများသည် အချင်းချင်း ညီညွတ်ရိုင်းပင်းနေချိန် ဒီမိုကရက် တစ်နိုင်ငံများက မညီညွတ်ကြကြောင်း၊ အာဏာရှင်နိုင်ငံများကို ဖြိုချရန် ဒီမိုကရက်တစ်နိုင်ငံများ ညီညွတ်ရန်နှင့် တစ်သံတည်း ထွက်ရန် လိုအပ်ကြောင်း ဒေါ်ဇင်မာအောင်က ဆက်လက်ပြောဆိုသည်။
“ကမ္ဘာကို ပြောချင်တာက ကျမတို့နိုင်ငံနဲ့ ဒေသတွင်းမှာ စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေ၊ စစ်အာဏာရှင် ယန္တရားတွေကို ဖြိုချဖို့ ဒီမိုကရက်တစ်နိုင်ငံတွေက စုပေါင်းညီညွတ်ကြဖို့လိုပါတယ်။ အခြားအာဏာရှင်တွေလိုပါပဲ မြန်မာ နိုင်ငံမှာ စစ်အာဏာရှင်တွေက ရုရှား၊ ဘယ်လာရု၊ အီရန်တို့က အရမ်းနီးကပ်ကြတယ်။ အာဏာရှင်တွေ အချင်းချင်းကူညီကြတယ်။ ဒါပေမယ့် ဒီမိုကရက်တစ်နိုင်ငံတွေက အာဏာရှင်တွေကို ပြန်တိုက်ဖို့ မညီညွတ်ကြဘူး။ ဒီမိုကရက်တစ်နိုင်ငံတွေ ညီညွတ်ဖို့လိုပါတယ်။ တစ်သံတည်းဖြစ်ဖို့ လိုအပ်ပါတယ်။ ” ဟု NUG နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းပြောဆိုသည်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၃ ရက်ကြာ ကျင်းပလျက်ရှိသော လုံခြုံရေးညီလာခံတွင် ဒုတိယနေ့၏ နောက်ဆုံးအစီအစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဘယ်လာရုစ်နိုင်ငံသူ အတိုက်အခံ ခေါင်းဆောင် Sviatlana Tsikhanouskaya ၊ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖိလစ်ပိုင်နိုင်ငံသူ သတင်း စာဆရာမ Maria Ressa ၊ World Liberty Congress ဥက္ကဌ အီရန်နိုင်ငံဖွား အမေရိကန်နိုင်ငံသူ သတင်းစာဆရာ Masih Alinejad တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။