ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲအတုဖန်တီးပြီး လက်နက်ကြီး အလုံး ၄၀ ကျော်ပစ်ခတ်မှု ကြောင့် လသားအရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောသည်
ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်ည ၉ နာရီခန့်က ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့ရှိ စစ်ကောင်စီ၏ ခမရ ၄၂၅ နှင့် ၄၂၆ တပ်အတွင်းရှိ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များက တပ်အတွင်းတွင် လက်နက်ငယ်များကို တစ် ဖက်သတ် ပစ်ဖောက်ခဲ့ပြီးနောက် ထမ်းယံကျေးရွာ နှင့် ထီတမ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် အလုံး ၄၀ ကျော် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ထမ်းယံ ကျေးရွာမှ ၆ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် ထီတမ်ကျေးရွာမှ အမျိုးသားတစ်ဦး လက်နက် ကြီး ထိမှန် သေဆုံးခဲ့ပြီး ကလေးငယ်၏ မိဘ၂ ပါးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ထို့ပြင် ထီတမ်ကျေးရွာမှာ ဒေသနေပြည်သူ ၂ ဦး နှင့် ထမ်းယံကျေးရွာမှ ဒေသနေပြည်သူ ၅ ဦး တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းကျေးရွာများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တည်ရှိသည့်နေရာ လည်းမဟုတ်သည့်အပြင် တပ်စွဲထားခြင်းလည်း မရှိကြောင်း၊ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကျေးရွာကို ပစ် ခတ်ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်ပင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်များက မဲနယ်တောင်ဒေသ ကျောက္ကဆျား၊ လုံးဟီး၊ စငေါ ကျေးရွာဘက်သို့လည်း လက်နက်ကြီး အချက် ပေါင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။