ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၃လုံး၊ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၃လုံး စုစုပေါင်း မိုင်း ၆လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၅ နာရီဝန်းကျင် အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအချို့ ရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း မြောက်ပိုင်းခရိုင် ပကဖ၏ တာဝန်ရှိသူက ဆိုသည်။
အကြမ်းဖက်စစ်တပ်က လတ်တလော ထုတ်ပြန်သော စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများကို အနိုင်ကျင့် နှောင့်ယှက်နေသော အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ၊ ပျူစောထီး နှင့် အကြမ်းဖက်စစ်တပ်လက်ပါးစေများ ရပ်တန်းမှရပ်ရန်၊ ရပ်တန့်မှုမရှိဘဲ ပြည်သူများကို ဆက်လက်ဒုက္ခပေးနေပါက ပြင်းပြင်းထန်ထန် အရေးယူ တိုက်ခိုက် သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် ပကဖ ရဲဘော်များက အသိပေးထားသည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုု့နယ်၊ အနောက်ပိုင်းတွင် ယနေ့ နံနက်အစောပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၅၂ မိနစ်တစ်ကြိမ်၊ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ဒုတိယအကြိမ်၊ နံနက် ၅ နာရီ ၁၅ မိနစ်တွင် တတိယအကြိမ်၊ နံနက် ၅ နာရီ ၂၂ မိနစ်တွင် ၄ ကြိမ်မြောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများသည် အင်အားအလွန်ပြင်းထန်ပြီး အသံအလွန်ကျယ်လောင်ကြောင်း သိရှိရသည်။
ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက်၊ ဘိုးရာဇာလမ်းရှိ ဓမ္မာရုံတွင် လူငယ်တချို့ကို ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လှိုင်သာယာမြို့နယ် ၁၂ရပ်ကွက် နှင့် ၉ ရပ်ကွက်အကြား ဗုံးပေါက်သွားသည့် နေရာဖြစ်သည့် စစ်ကိုင်းလမ်းနှင့် ဘားအံလမ်းလမ်းဆုံကိုလည်း ပိတ်ဆို့ထားခဲ့ကြောင်း သိရှိရသည်။