ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်တပ်က ယမန်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်း ဧည့်စာရင်းများ ဝင်ရောက်စစ်နေပြီး ဧည့်စာရင်းမတိုင်သော လူငယ်တချို့နှင့် မှတ်ပုံတင် မပြနိုင်သော လူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ ရပ်ကွက်များတွင် စစ်တပ်က ဧည့်စာရင်း စစ်မှုများ လုပ်ဆောင်ကြောင်း၊ ယမန်နေ့ညပိုင်း သန်လျင်မြို့နယ် ဒါရ်ဂါရပ်ကွက်တွင်လည်းကောင်း၊ ယနေ့ နံနက်ပိုင်း သန်လျင်မြို့နယ်၊ ထမလုံ ၊ အလယ်ရွာ၊ ကိုတင်မောင်ကျေးရွာတို့တွင် ဝင်ရောက် ဧည့်စာရင်းစစ်ကြောင်း၊ ဧည့်စာရင်းစစ်ရာတွင် သန်းခေါင်စာရင်းမပြနိုင်ဘဲ ဧည့်စာရင်း တိုင်ထားခြင်းမရှိသော လူငယ်တချို့၊ မှတ်ပုံတင်မပြနိုင်သော လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားမှုများရှိကြောင်း သိရှိရသည်။
“ညပိုင်းလည်း ဧည့်စာရင်းစစ်တယ်။ ငွေတောင်းတယ်။ ငွေပေးနိုင်ရင် ပြန်လွတ်တယ်။ ငွေမပေးနိုင်ရင် မလွတ်ဘူး။ ဒီမနက်လည်း ထမလုံနဲ့ ကိုတင်မောင်ရွာဘက်မှာ ဝင်စစ်တယ်။ ဧည့်စာရင်းမတိုင်ရင်၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မပြနိုင်ရင် ခေါ်သွားတယ်။ တချို့တွေ ပါသွားတယ်။ ဧည့်စာရင်းမတိုင်လို့ ဖမ်းတာလား စစ်သားစုဆောင်းတာလားတော့ သေချာမသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အလားတူ သန်လျင်မြို့နယ်တွင် PDF ပေ့ချ်အတု ထောင်၍ လူငယ်များကို လိမ်လည်ဖျားယောင်း စာရင်းပေးခိုင်းပြီး ဖမ်းဆီးမှုတချို့ရှိခဲ့ကြောင်း ၊ မြေပြင်တွင်လည်း မသိနားမလည်ဘဲ စာရင်းတင်မိသော လူငယ်တချို့ ဖမ်းဆီးခံရမှုများရှိကြောင်း သန်လျင်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
” သန်လျင် PDF က ခေါ်တယ်ဆိုပြီး ပေ့ချ်အတုကနေ လူငယ်တချို့ အဖမ်းခံရတယ်လို့ ကြားတော့ စုံစမ်းကြည့်တာမြေပြင်မှာ အမှန်တကယ် ဖမ်းဆီးခံလိုက်ရတယ်။ လူငယ်တချို့ အဖမ်းခံရတယ်။ အရေအတွက် ၂၀ ဝန်းကျင်တော့ ရှိတယ်” ဟု သန်လျင်မြို့နယ်မှ UG တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
သန်လျင်ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက စစ်ကောင်စီ၏ စစ်မူထမ်းရမည်ဆိုသော မတရားအမိန့်ကို လူငယ်လူရွယ်များက တော်လှန်လို၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲထဲဝင်ရန် စာရင်းပေးကြမှုအပေါ် ကြိုဆိုသော် လည်း မိမိ စာရင်းပေးမည့် PDF ပေ့ချ်သည် အမှန်တကယ် အစစ်အမှန် ဟုတ်၊ မဟုတ် စိစစ်ကြရန် လိုအပ်ကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီက ယခုအခါ PDFအဖွဲ့သို့ ဝင်ရောက်ကြမည့် လူငယ်များကို Facebook အကောင့်တုများ၊Page အတုများသုံးကာ PDF အယောင်ဆောင် ကိုယ်ရေးအချက်လက်များ လိမ်လည်တောင်းခံ ထောင်ဖမ်းနေသဖြင့် သတိထားကြရန် အထူးသတိပေးချက် ထုတ်ပြန်ထားသည်။