မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ဆိုင်ခန်းများ ရှေ့တွင် စစ်မှု ထမ်းရေး ပြည်သူများ မစိုးရိမ်ကြရန်နှင့် သတင်းမီဒီယာများ၏ သတင်းများ မယုံကြရေး ဗီနိုင်းဆိုင်းဘုတ်ကြီးများ စိုက်ထူကြရန် စစ်တပ်က ဖိအား ပေး ခြိမ်းခြောက်နေကြောင်း ဆိုင်ရှင်များက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ချောင်နက်အရှေ့၊ နေပြည်တော် -တောင်ညို လမ်းဘေးတွင်ရှိသည့် ဆိုင်ခန်းများတွင် စစ်ကောင်စီ၏ ဝါဒဖြန့် လက်ကမ်းစာစောင်ပါ စာသားများကို ဗီနိုင်းအဖြစ် စိုက်ထူကြရန် ဖိအားပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်မှုထမ်းဖို့ ပြည်သူတွေ မစိုးရိမ်သင့်ဘူး။ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအတုတွေ မယုံသင့်ဘူးဆိုတဲ့ စစ်တပ်ရဲ့ ဝါဒဖြန့် စာသားတွေပါတဲ့ လက်ကမ်းကြော်ငြာကို ဗီနိုင်းဆိုင်းဘုတ် အလျာား ၄ ပေ x အနံ ၃ ပေ ထုတ်ပြီး ဆိုင်ရှေ့မှာ စိုက်ထူရမယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ရမှာ။ ဗီနိုင်း ၂ ခု စိုက်ထူရမယ်။ ဆိုင်းဘုတ် မထူတဲ့ ဆိုင်တွေကို အရေးယူမယ်လို့ စစ်တပ်က ခြိမ်းခြောက်တယ်” ဟု ဆိုင်ရှင်တစ်ဦးက ရှင်းပြသည်။
ဗီနိုင်း ထုတ်မည်ဆိုလျှင် အလျား ၄ ပေနှင့် အနံ ၃ ပေ ဗီနိုင်းတစ်ခု ၁၀၈၀၀ ကျပ်ခန့်ကုန်ကျပြီး ၂ ခုဆိုလျှင် ၂၁၆၀၀ ကျပ် ကုန်ကျကြောင်း၊ စစ်တပ်က ဆိုင်ရှင်များကို အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက် လုပ်ခိုင်းနေသဖြင့် ဆိုင်ပိုင်ရှင်များ စိတ်ညစ်နေကြရကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် ပြည်သူများ စစ်မှုထမ်းရေး မစိုးရိမ်ကြရန်၊ သတင်းမီဒီယာများ၏ သတင်းများကို မယုံကြရန် လက်ကမ်းကြော်ငြာများကို ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။