အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းအသက်သွင်းလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှားနိုင်ရေးအတွက် တနင်္သာရီတိုင်း၊ ကော့သောင်းအခြေစိုက် ခမရ ၂၆၂ တပ်မှ စစ်အရာရှိတချို့က ၎င်းတို့၏ အသက်ပြည့်ပြီးသော ဆယ်ကျော် သက်အရွယ် သားသမီးများကို ထိုင်းနိုင်ငံဘက်အခြမ်းသို့ ပို့ဆောင်လိုက်ကြကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်းဟောင်းနှင့် စစ်မှုထမ်းများ၏ သားသမီးများ၊ ဇနီးများ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများကို ကန့်သတ်ပိတ်ပင်ထားသော်လည်း ကော့သောင်းအခြေစိုက် ခမရ ၂၆၂ တပ်မှ စစ်အရာရှိတချို့ကမူ ၎င်းတို့၏ နည်းလမ်းများဖြင့် သားသမီးများအတွက် တရားဝင်စာရွက်စာတမ်း ရရှိအောင် လုပ်ဆောင်ကာ ကော့သောင်းဘက်မှ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ဆယ်ကျော် သက်အရွယ် သားသမီးများကို ပို့ဆောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
” ကော့သောင်း ခမရ ၂၆၂ထဲမှာ စစ်အရာရှိ သားသမီးတွေကို ထိုင်းဘက်ကို ပို့လိုက်ကြပြီ။ စာရွက်စာတမ်းတွေ ဘယ် လိုရအောင်လုပ်လဲတော့မသိဘူး။ တရားဝင် ဟိုဘက်ကမ်း(ထိုင်း)ကို ပို့လိုက်ကြတာ။ လက်အောက်ငယ်သား စစ် သည် သားသမီးတွေကိုတော့ စစ်မှုထမ်းခိုင်းဖို့ စာရင်းတွေ ကောက်တယ်။ အဲဒါ တပ်ထဲမှာ အတော်ကို မကျေမနပ် ဖြစ်ကြတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် စစ်သည်များ၏ သားသမီးများအနက်မှ စစ်မှုထမ်းရန် အကျုံးဝင်သူများကို စာရင်းကောက်ခံမှုနှင့်ပတ်သက်ပြီး ကော့သောင်း ၇ မိုင် တပ်တွင်းအတွင်းလည်း စာရင်းကောက်သူနှင့် ဆယ်ကျော်သက်သားသမီးရှိသော တပ်မိသားစုများအကြား အချင်းများမှု ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများအပြင် စစ်သည်၊ အရာရှိများ၏ သားသမီးများကိုပါ စစ်မှုထမ်း ဥပဒေဖြင့် စစ်မှု မထမ်းမနေရ စစ်တပ်ထဲ ခေါ်သွင်းရန် စာရင်းကောက်ယူနေကြောင်း သိရှိရသည်။