အကြမ်းဖက်စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နယ်မြေတွင် ပါဝင်နေသော ပျဉ်းမနားမြို့နယ်တွင် နေ့စဉ် ညတိုင်း ဧည့်စာရင်းစစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်ထားသော ပြည်သူများ နေ့စဉ် ဖမ်းဆီးခံနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေ ကြေညာပြီးသည့်နောက်မှစတင်၍ နေ့စဉ် ညတိုင်း ပျဉ်းမနားမြို့နယ်အတွင်းတွင် ဧည့်စာရင်း စစ်ဆေးမှုများကို ရဲ၊ စစ်တပ်နှင့် ဌာနဆိုင်ရာ ပေါင်းစုံက စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ဧည့်စာရင်းမတိုင်သူများအနက်မှ ငွေကြေးပေးနိုင်သူတချို့မှာ ညတွင်းချင်း ပြန်လည် လွတ်မြောက် ကြသော်လည်း တချို့မှာ တရားရုံးတင် အမှုစွဲခံရကြောင်း သိရှိရသည်။
“ပျဉ်းမနားမှာ ဧည့်စာရင်းစစ်တယ်။ ဖမ်းတယ်။ နောက်နေ့ တရားရုံးတင်တယ်။ အဲဒီလို တရားရုံးတင်တဲ့အခါ ရဲကိုတရားလိုမလုပ် ခိုင်းဘဲ ရာအိမ်မှူးတွေကို တရားလိုလုပ်ပြီး တရားစွဲခိုင်းတယ်။ တစ်နေ့တစ်နေ့ မြို့နယ်တရားရုံးမှာ ဧည့်စာရင်းအမှုသည်တွေက အများကြီးပဲ” ဟု နေပြည်တော်ပျဉ်းမနားဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က ဧည့်စာရင်း စစ်ရင်း နယ်ဒေသများမှ လာသည့် လူငယ်များကို မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများလည်းရှိနေကြောင်း သိရှိရသည်။
လက်ရှိတွင် နေပြည်တော် ပတ်ဝန်းကျင် ပျဉ်းမနား၊ လယ်ဝေး အပါအဝင် မြို့ နယ်များတွင် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပျူစောထီး(ခေါ်) ပြည်သူ့စစ်များကို လုံခြုံရေး ကင်းလှည့်မှုများ တင်းကျပ်မှုများ လုပ် ဆောင် ခိုင်းနေကြောင်း သိရှိရသည်။