ရှမ်းမြောက်မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းညီနာင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရက္ခိုင့်ဒေသအတွင်း အရှိန်အဟုန်ဖြင့် ဆက်လက် ရွေ့လျားနေပြီး ရှမ်းမြောက်မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ အခြား ပြည်နယ် နဲ့ တိုင်းများမှာ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းများရဲ့ တော်လှန်စစ်ကို ဆင်နွှဲလာတာကိုလည်း တွေ့ရှိ နေရတယ်လို့ အသိပေးပါတယ်။
ညီနောင် ၃ ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ရက္ခိုင်တပ်တော် အနေဖြင့် ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့အတူ သာမက၊ အခြားသော ဘဝတူ တော်လှန်ရေးအဖွဲ့များနဲ့ စစ်ရေးအရ၊ဗျူဟာအရ၊ ရက္ခိုင် တပ်တော်ရဲ့ လိုအပ်ချက်အရ တချို့ နယ်မြေများတွင် ရန်သူစစ်တပ် အား တဖွဲ့စီ သို့မဟုတ် စုပေါင်းပူးပေါင်းပြီးလည်း စစ်ဆင်ရေးကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် အခုအချိန်မှာ မြန်မာနိုင်ငံအနှံလှည့်ပတ်ပြီး၊ အကြမ်းဖက် စစ်ကောင်စီအား တိုက်ပွဲဝင်နေတဲ့ တခုတည်းသော အဖွဲ့အစည်းဟာ ရက္ခိုင်တပ်တော် (AA) ဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့မှ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်က ၁၀၂၇ စစ်ဆင်ရေး ပြက္ခဒိန်အရ (၁၁၅) ရက်မြောက်နေ့ဖြစ်ပြီး ရက္ခိုင်ပြည်နယ် မြေပုံ မြို့နယ်နဲ့ ရမ်းဗြဲ မြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီ တပ်များနဲ့ ရက္ခိုင် တပ်တော် တို့ကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ရက္ခိုင်ဒေသတွင်း စစ်ရေးအရ အလုံးစုံရှုံးနိမ့်တော့မယ့် ပကတိအနေအထားကို လက်ခံနိုင် ခြင်းမရှိတဲ့ အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက် ဖက်ဆစ်တို့ရဲ့ လုပ်ရပ်အတိုင်း အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်တာ လမ်းပန်းဆက်သွယ်ရေးနဲ့ သတင်းအချက် အလက် ဖြတ်တောက်တာ၊ ကုန်စည်စီးဆင်းမှုဖြတ်တောက်တာတွေကို ပြုလုပ်ပြီး ရှုံးမဲမဲနေတယ် လို့ လည်းအသိပေးထားပါတယ်။