ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာတင် ပြည်သူ ၆ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မနက် ၄ နာရီကတဲက ဆီဆိုင်အထိုင်ချ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအပြင် ဒရုန်းဗုံးချခဲ့တာမှာ ဆီဆိုင်ကိုပစ္စည်း ပြန်လာယူတဲ့ ပြည်သူ ၆ ဦး ဒဏ်ရာအပြင်းအထန်ရပြီးနောက် သေဆုံးသွားရတာလို့သိရပါတယ်။
စုစုပေါင်း ဒဏ်ရာရသူ ၈ ဦးကိုဟိုပုံးကနေ တောင်ကြီးစဝ်စံထွန်းဆေးရုံကို သယ်ဆောင်သွားပေမယ့် ဘုရားဖြူရွာက ၆ ဦးက ရရှိတဲ့ဒဏ်ရာတွေနဲ့သေဆုံးသွားရတာဖြစ်ပြီး ကျန် ၂ ဦးလဲ စိုးရိမ်ရတယ်လို့ သိရပါတယ်။
နေ့လည် ၁၂ နာရီကျော်မှာ လက်နက်ကြီးအပစ်ရပ်သွားလို့ ဆီဆိုင်မြို့ထဲ ပိတ်မိနေသူတွေ ပြန်ထွက်လာနိုင်တယ်လို့လဲ သိရပါတယ်။
ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO)ရဲ့ ဖေဖော်ဝါရီ ၁၇ ရက်အထိ ဆီဆိုင်မြို့တိုက်ပွဲအကျဥ်း မှတ်တမ်းဖော်ပြချက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၇၁ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၁၉ ကြိမ်၊ အရပ်သား သေဆုံးမှု ၂၆ ဦး၊ အရပ်သားထိခိုက်ဒဏ်ရာရမှု ၃၇ ဦး၊ အရပ်သား ဖမ်းဆီးခံရမှု ၇ ဦး၊ အရပ်သားအဆောက်အဦ ပျက်စီးမှု ၆၇ ခု၊ ဘာသာရေးအဆောက်အဦပျက်စီးမှု၁၂ ခုနဲ့ စစ်ဘေးရှောင် ဦးရေ ၇၄၅၅၁ ဦးနဲ့ အထက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေနဲ့ ဖမ်းဆီးခံရမှု၊ လေယာဥ်၊ လက်နက်ကြီး၊ ဒရုန်းဗုံး၊ မိုင်းထိတာတွေကြောင့် ပြည်သူတွေ ဒဏ်ရာရ၊သေဆုံးရတာတွေ၊ စစ်ဘေးရှောင်ဦးရေတွေဆက်လက် တိုးပွားလာနေဆဲဖြစ်ပါတယ်။