ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်မှုထမ်း ဥပဒေပြဌာန်းတဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းကစပြီး ဧည့်စာရင်းတိုင်ရင် တစ်ကိုယ်လုံး အလှဓါတ်ပုံနဲ့အတူ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မိတ္တူကို ပူးတွဲတင်ပြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လွိုင်ကော်ကနေ တောင်ကြီးမြို့ကို စစ်ဘေးရှောင်လာသူ တစ်ဦးက “ဘယ်လိုဥပဒေမှန်း မသိဘူး။ ဓါတ်ပုံလည်း ပြန်ထုတ်ရတော့ အလုပ်ရှုပ်တယ်။ မိတ္တူဆိုင်မှာ လူပြုံတိုးနေရတာပဲ။ ရပ်ကွက်ရုံးမှာလည်း အလှည့်တော်တော် စောင့်ရတယ်” လို့ ပြောပါတယ်။
အရင်တုန်းက ဧည့်စာရင်းကို နယ်မြေမှူး၊ ရာအိမ်မှူးတွေကတဆင့် တိုင်လို့ရပေမယ့် လက်ရှိမှာ ရပ်ကွက်ရုံးကို ကိုယ်တိုင်သွားနေရပြီး တန်းစီစောင့်ဆိုင်းရတာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ကြုံနေရကာ စစ်ဘေးရှောင်တွေ အနေနဲ့ အလုပ်အကိုင် ပျက်တဲ့ဒုက္ခတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိမ်ရှင်၊ အိမ်ငှား စာချုပ်တွေလည်း ပူးတွဲတင်ပြနေရတာကြောင့် လုံးချင်းအိမ် မငှားနိုင်တဲ့ စစ်ဘေးရှောင်တွေအတွက် အခက်ကြုံနေရတယ်လို့ ကျောင်းကြီးစု ရပ်ကွက်အတွင်း ဘော်ဒါဆောင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
“စစ်ရှောင်လာပါတယ်ဆို ဘယ်သူက အိမ်ငှားနိုင်မလဲ။ တော်တော်များများက လူနေအိမ်ထဲက အခန်းကျဉ်းတွေ၊ ကျောင်းသားဆောင်တွေမှာ ငှားနေကြတာပဲ။ အဆောင်ဆိုတော့ စာချုပ် မရှိဘူးလေ။ လချင်းပေးပေါ့။ ဒါတောင် မပြေလည်ကြပါဘူး။ အနည်းဆုံး ၃ လတောင် မချုပ်နိုင်ကြပါဘူး။ သူတို့ ပြောလာတော့လည်း ဖန်တီးယူရတာပေါ့”
အရင်က ဧည့်စာရင်း တိုင်ရမယ့်စာရင်းမှာ တက္ကသိုလ်ကျောင်းသားတွေ မပါဝင်ပေမယ့် လတ်တလောမှာတော့ တောင်ကြီးမြို့ သန်းခေါင်စာရင်း မပါဝင်တဲ့လူတိုင်းဟာ တစ်လတစ်ခါ ဧည့်စာရင်းတိုင်ရမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးနောက်ပိုင်း တောင်ကြီးမြို့ ရပ်ကွက်တစ်ခုစီတိုင်းမှာ ရဲ ၂ ဦး အရပ်ဝတ်နဲ့ စောင့်ကြပ်ကာ အခြေအနေ စောင့်ကြည့်နေပြီး ဘားထိုင်တဲ့ လူငယ်တွေကို မတရားဖမ်းဆီး ငွေညှစ်တာတွေလည်း ကြုံနေရတယ်လို့ စုံစမ်း သိရပါတယ်။