မန္တလေးမြို့ ရှိနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ပက်စ်ပို့ရုံး)တွင် ပြည်သူနှစ်ဦးသေဆုံးပြီးနောက် တုံကင်စနစ်ပြောင်းလဲလိုက် ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့က မန္တလေးမြို့ပက်စ်ပို့ ရုံးတွင် ဦးရာလူစနစ်ဖြင့် တန်းစီရာမှ လူပိပြီးအမျိုးသမီးနှစ်ဦးသေဆုံးပြီးနောက် ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်)တွင် တုံကင်များပေးဝေခဲ့ကြောင်း သွားရောက်တန်းစီခဲ့သူများက ပြောသည်။
“ဒီနေ့က မပြေးရဘူး။ အေးဆေးတန်းစီထိုင်စောင့်ရတာ။ ဒီနေ့လာတန်းစီသမျှ လူအကုန်လုံးကို တုံကင်နဲ့ ရက်တွေ ခွဲပေးလိုက်တယ်။”ဟု သွားရောက်တန်းစီခဲ့သူတစ်ဦးက ပြောသည်။
သို့သော် နောက်ရက်များတွင်မူ ပက်စ်ပို့လာတန်းစီသူတိုင်း ဧည့်စာရင်းတိုင်ရမည်ဟု ပြောဆိုသွားကြောင်း တန်းစီသူများထံမှ သိရသည်။
“ဧည့်စာရင်းစစ်ပါတယ်။နောက်ညအဲဘုန်းကြီးကျောင်းမှာတည်းရင်ဖမ်းပါမယ်တဲ့။မနက်အစောသွားတန်းစီဖို့ အစီအစဉ်ရှိခဲ့ရင် အစောကြီးမသွားသင့်ပါဘူး။ညတည်းသူတွေအချက်အလက်အကုန်ယူသွားတယ်ပြောပါတယ်။”ဟု နိုင်ငံကူးလက်မှတ် သွားရောက်လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောသည်။
တုံကင်စနစ်ပြောင်းလဲလိုက်သော်လည်း ပြည်ပထွက်လိုသူအများအပြား ရှိနေခြင်းကြောင်းထိုရုံးများ၌ ဆက်လက်လူများနေဦးမည်ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရသည့် လူငယ်များသည် ပြည်ပနိုင်ငံများသို့ထွက်ကာအလုပ်လုပ်ရေး ပက်စ်ပို့ရရှိရန် စစ်ကောင်စီ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌နေ့စဥ်လူထောင်ပေါင်းများစွာ တန်းစီတိုးဝှေ့ကာ ဝင်နေရသည်။
ထိုအခြေအနေတွင် အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်လိုက်သောအခါ နိုင်ငံမှ လူငယ်များပြည်ပသို့သွားရောက်ရန် အလုအယက်ကြိုးစားနေကြပြီး ပက်စ်ပို့ရုံးများတွင် နေစဥ်လူထောင်ချီ တိုးဝှေ့လျှောက်ထားနေကြသည်ဟု ပက်စ်ပို့ဝန်ဆောင်မှုပေးနေသူအချို့ကပြောသည်။