ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေထဲမှာ စစ်မှုထမ်းဖို့ လူထုကို ဖမ်းဆီးခေါ်ဆောင်မှုတွေ စစ်ကောင်စီတပ်လုပ်ဆောင်လာရင် အပြင်းထန်ဆုံး တားဆီးသွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောဆိုလိုက်ပါတယ်။
KNU ဟာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကန့်ကွက်ထားပါတယ်။
စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းတာဟာ နိုင်ငံကို စစ်နွံထဲ ကျဆင်းစေမယ့် လုပ်ရပ်ဖြစ်တယ်လို့ KNU ရဲ့သဘောထားကို ဖေဖော်ဝါရီ ၁၉ ရက်က တရားဝင်ကြေညာထားတာပါ။
စစ်ကောင်စီ စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီး ဒုတိယအကြိမ်မြောက် အမှားကြီးတစ်ခုကို ကျုးလွန်လိုက်တာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မှတ်ချက်ပြုပါတယ်။
” ဒီမဟာအမှားက ၂၀၂၀ နောက်ပိုင်းပေါ့နော်၊ ဒါက ကြီးမားတဲ့ ဒုတိယအမှားလို့လည်း ပြောလို့ရပါတယ်” က ပဒိုစောကလယ်စေးက ဆိုပါတယ်။
အဲဒီစစ်မှုထမ်းဥပဒေကြောင့် KNU နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံမှာ အင်အားတိုးလာနိုင်တာ သေချာတယ်လို့ ပဒိုစောကလယ်စေးက တွက်ဆပါတယ်။
စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က အတည်ပြုပြီးနောက် ကရင်ပြည်နယ်အပါအဝင် မြို့ပြတွေမှာ အချက်အလက်ကောက်ယူတာနဲ့ ဖမ်းဆီးတာတွေစတင်လုပ်ဆောင်နေတာကိုတွေ့လာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က ပြောပါတယ်။
စစ်မှုထမ်းဥပဒေကို လူငယ်လူရွယ်တွေမလိုလားတဲ့အတွက် “အတင်းအဓမ္မစစ်မှုထမ်းဆောင်စေမှုတွေလည်း ဖြစ်ပွားလာမယ်” လို့ လည်း KHRG ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ဆိုပါတယ်။
အဲဒီဥပဒေကြောင့်နိုင်ငံတွင်း လုံခြုံရေးအခြေအနေ ယခုထက်ပိုမိုဆိုးရွားလာနိုင်တယ်လို့ KHRG ကသုံးသပ်ပါတယ်။