ထားဝယ်မြို့ပေါ် စောမိညိုဘုန်းကြီးကျောင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက ဟောင်နေတဲ့ခွေးကို သေနတ်နဲ့လှမ်းပစ်ချိန်မှာ အနီးအနားရှိ အလုပ်ရုံက အရပ်သားအမျိုးသားတစ်ဦးကို ကျည်ထိမှန်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့က ညနေ ၄ နာရီခွဲလောက်မှာ စောမိညိုဘုန်းကြီးကျောင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘုန်းကြီးကျောင်းအနီးမှာ ဟောင်နေတဲ့ခွေးတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
အဲဒီလိုပစ်ခတ်ချိန် ဘုန်းကြီးကျောင်းနဲ့မျက်နှာချင်းဆိုင်က ကွမ်းသီးခြောက်ပွဲရုံမှာ ရှိနေတဲ့ အသက်အလတ်ပိုင်းအမျိုးသားတစ်ဦးရဲ့ပေါင်ကို ကျည်ဆံထိမှန်ခဲ့တာပါ။
“ပစ်တာကတော့ လေး၊ ငါးချက်လောက်ရှိမယ်။ အစက ခွေးတွေကို လက်တည့်စမ်းပြီး ပစ်တာလို့ကြားတယ်။ နောက်မှ ထပ်သိရတာကတော့ သူတို့ကို ဟောင်နေလို့ပစ်တာ” လို့ ကြက်စားပြင်ရပ်ကွက်မှာနေထိုင်သူ တစ်ဦးကပြောပါတယ်။
ပစ်ခတ်ခံရပြီး သိပ်မကြာခင်မှာပဲ အရေးပေါ် လူနာတင်ကားရောက်လာပြီး ကျည်ထိမှန်သူကိုထားဝယ်ဆေးရုံဆီ ခေါ်ဆောင်သွားတယ်လို့ အနီးအနားရပ်ကွက်မှာနေထိုင်သူတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူရဲ့နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ဟာ မနေ့က နေ့လယ်ပိုင်းကတည်းက စောမိညိုဘုန်းကြီးကျောင်းကို ရောက်နေကြတာဖြစ်ပြီး ဒီနေ့နေ့လယ်ပိုင်းမှာတော့ ပြန်လည်ထွက်ခွာသွားတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စောမိညိုလမ်းထဲက နေအိမ် ၇၀ ကျော်ကိုလည်း ဒီနေ့နောက်ဆုံးထားပြီး ဖျက်သိမ်းပေးဖို့ စစ်ကောင်စီက လွန်ခဲ့တဲ့ငါးရက်က စေခိုင်းထားပြီး လက်ရှိမှာတော့ နေထိုင်သူတွေနဲ့ ညှိနှိုင်းမှုတွေလုပ်ဆောင်နေတယ်လို့ ကနဦးသိရပါတယ်။