ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံး၊ မိုင်းပွန်၊ လွိုင်လင်မြို့များအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျိုင်းတုံ၊ မိုင်းဆတ်သွား ကားတွေ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
နမ်စန်မြို့ဟာ ရှမ်းအရှေ့က ကျိုင်းတုံနဲ့မိုင်းဆတ်မြို့တွေကိုသွားတဲ့ ကားလမ်းဆုံမြို့ဖြစ်ရာ ယင်းမြို့တွင်ပင် ကားများ ဆက်လက်သွားလာ ခွင့်မရတော့လို့ ညအိပ်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
‘ကားတွေ တောင်ကြီးဘက်သွားခွင့်မရလို့ ဒီမှာညအိပ်လိုက်ရတယ်၊ ကားသမားကတော့ အန္တရာယ်ရှိရင် ပြန်လှည့်မယ်ပြောနေတယ်၊ ဒီနေ့စောင့်ကြည့်မယ်တဲ့၊ ဒုက္ခပါပဲ’ လို့ မိုင်းဆတ်က ခရီးသွားတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
မနေ့က တိုက်ပွဲဖြစ်နေတဲ့လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ် နားယန်းတိုက်နယ်၊ နမ်းဗော်းခမ်းကျေးရွာ ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ တစ်ရွာလုံးထွက်ပြေးနေရပြီးအိမ်တွေ အများအပြားပျက်စီးကုန်နေတယ်လို့လဲ မြေပြင်သတင်းတွေအရ သိရပါတယ်။
ထို့အပြင် မနေ့ကဟိုပုံး ထမ်ဆမ့်ဂူအနီးကားလမ်းကို ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ဆို့ထားပြီး မရပ်ပေးတဲ့ကားကို PNO ကပစ်ခတ်လို့ ပုန်းအယ်ရွာ သားနှစ်ဦး ခေါင်းနဲ့လက်ကို ထိမှန်ဒဏ်ရသွားလို့ တောင်ကြီးဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။
ဒီနေ့ မနက်မှာလည်း ဟိုပုံးမြို့နယ်၊ ထမ်းဆန်းဂူ အရှေ့ဘက်နဲ့ မိုင်းပွန်မြို့အနီးတစ်ဝိုက်မှာ PNLA နဲ့ စစ်ကောင်စီ၊ လက်အောက်ခံ PNO ပြည်သူ့စစ်တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ သတင်းတွေကြောင့် ကားလမ်းတွေ ပိတ်ဆို့ထားဆဲလို့ သိရပါတယ်။