ရခိုင်ပြည် ကျောက်ဖြူပင်လယ်ပြင် အပါအဝင် မြို့၊ မြို့နယ်နှင့် ထိစပ်နေသော ပင်လယ်၊ မြစ်ကမ်းတစ်လျှောက်တွင် ငါးဖမ်းခွင့်မပြုသည့် ကန့်သတ်အမိန့်ကို စစ်ကောင်စီက နှစ်လ ထပ်တိုးထုတ်ပြန်သည်။
ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဧပြီလ ၁၉ ရက်နေ့အထိ အတည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ကျောက်ဖြူမြို့နယ်အတွင်း လတ်တလောအခြေအနေအရ ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက်ဟုဆိုကာ ကျောက်ဖြူ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကမ်းခြေဒေသများ၊ ရေနယ်နမိတ်များတွင် မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ ၂၄ နာရီပတ်လုံး ဖော်ပြအချက်များကို ဆောင်ရွက်ခြင်းမရှိဘဲ တားမြစ်သည်ဟု ဆိုသည်။
“လက်လှေ၊ ဟွန်ဒါစက်လှေများ သွားလာခြင်း၊ ငါးဖမ်းဆီးခြင်းမပြုလုပ်ရ။ ကမ်းဝေးငါးဖမ်းလှေများ ဖြတ်သန်းသွားလာခြင်း၊ ကမ်းကပ်ခြင်းမပြုလုပ်ရ။ မြစ်ကမ်းတစ်လျှောက်နှင့် ဆိပ်ကမ်းနေရာများတွင် ဝိုင်းဖွဲ့ပြီး အရက်သေစာသောက်စားခြင်း၊ ဝိုင်းဖွဲ့သီးချင်းဆိုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း မပြုလုပ်ရ” ဟု ကျောက်ဖြူစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထားသည်။
အဆိုပါ တားမြစ်မိန့်သည် ကျောက်ဖြူမြို့ဧရိယာများ၊ မြို့နယ်အတွင်းရှိ ကမ်းခြေဒေသများနှင့် သံဇစ်မြစ်အတွင်းရှိ ကမ်းခြေဒေသများ၊ ရေဒေသများ၊ ရေနယ်နမိတ်များအထိ ပါဝင်ကြောင်း ဆိုသည်။
တားမြစ်မိန့်အား ဖောက်ဖျက်ကျူးလွန်တွေ့ရှိရပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုထားသည်။
သို့သော်လည်း ကျောက်ဖြူဒေသခံများက စစ်ကောင်စီ၏ အမိန့်ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးမည်မဟုတ်ကြောင်းနှင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့် သွားလာလုပ်ကိုင်မှုများ ပြုလုပ်သွားမည်ဟု ပြောဆိုကြသည်။
ကျောက်ဖြူဒေသခံတစ်ဦးက ” စစ်ကောင်စီက ထုတ်တဲ့ အမိန့်တွေ၊ ညွှန်ကြားစာတွေကို ကျနော်တို့ဒေသခံတွေက လိုက်နာမဟုတ်ပါဘူး။ ကျနော်တို့ အလုပ်တွေကိုတော့ ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေမှာပဲ” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစ၍ တိုက်ပွဲများဖြစ်ပွားနေပြီး ကြိုကြားကြိုကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်ဟု သိရသည်။
ကျောက်ဖြူလေဆိပ်ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ရန်ကုန်၊ မန္တလေးမှ လေယာဖြင့် ပြန်လာကြသည့် ကျောက်ဖြူဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးစစ်ဆေးခြင်း ပြုလုပ်လျှက်ရှိနေပြီး အသက် ၂၈ နှစ်ပတ်ဝန်းကျင် လူငယ် ၂၀ ကျော်မှာ ထိန်းသိမ်းခံထားရကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။