စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၃ ဦးသေဆုံးပြီး စစ်တပ်က ယမန်နေ့ တစ်ရက်လုံး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကလေးမြို့ပေါ်နှင့် မြို့နယ် နေရာအနှံ့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ကလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့ပေါ် မွန်းလိုင်ရပ်ကွက်မှ ဦးလာနွန်ထား၊ မထန်ကျွေး၊ မမော်နီကာတို့ ၃ ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ မမော်နီကာ၏ ညီမဖြစ်သူမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း သိရှိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်ရက်လုံး ကလေးမြို့နယ်တွင် တစ်နေကုန် လက်နက်ကြီးများ စစ်တပ်က ပစ်ခတ်ခဲ့ပြီး အထူးသဖြင့် ကလေးမြို့ အနီးရှိ ကံကြီးကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ကလေးမြို့မှာ မနေ့ တစ်နေကုန်လက်နက်ကြီးတွေ ပစ်နေပါတယ်။ တပ်တွင်းထဲက အပြင်ဂိတ်တွေကပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ကူနေတာပါ။ ကလေးမြို့နဲ့မလှမ်းမကမ်း ကန်ကြီးရွာဘက်မှာ တိုက်ပွဲဖြစ်တာ။ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်တိုက်တာ။ မနေ့ည ၉ နာရီကျော် တစ်ညလုံးပစ်ခတ်နေခဲ့တယ်။ စစ်ခွေးတွေ အထိနာတယ်ပြောတယ်” ဟု ကလေးမြို့ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကလေးမြို့ အနီးရှိ ကန်ကြီးကျေးရွာသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD မဲအနိုင်ရရှိခဲ့သော ကျေးရွာဖြစ်သော်လည်း ကျေးရွာအုပ်ချုပ်ရေးနှင့် ရွာဦးဘုန်းကြီးတို့ ပူးပေါင်းကာ ကြံ့ဖွတ်ပါတီဝင်တချို့နှင့် ပျူစောထီးတချို့က ကျေးရွာကို အုပ်စီးစိုးမိုးခဲ့ကြောင်း၊ ပြည်သူများ ထွက်ပြေးခဲ့ကြရပြီးနောက် ပျူစောထီးကျေးရွာပုံစံ စစ်တပ်၊ ကြံ့ဖွတ်နှင့် ပျူစောထီးများက လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။