စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနောက်ဘက် ရွှေဘိုဆိပ်ခွန်လမ်းဘေးမှာရှိ ရွှေဓားဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့် ရဲများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ကျေးရွာ ၄ ရွာရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်း ကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးများနှင့် ပစ်ခတ်နေခြင်း ဖြစ်ပြီး ပြည်သူများ ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“ညဘက်ဆိုရင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာ မနေ့ညက ၁၀ချက်လောက်ပစ်တာ။ အရင်ညတွေကလည်း ပစ်တော့ပစ်တယ် မနေ့ညကလောက်မများဘူး။ လက်နက်ကြီး ကျမှာစိုးလို့ ပြည်သူတွေဟာ ညအချိန်မှာ ထွက်ပြေးနေရပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အိုးဘို ၊ ကင်းဗျာ၊ ချီပါတောင် နှင် ချီပါမြောက်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်း ပြန်ဆုတ်သွား၍ ပြည်သူများ စစ်ရှောင်ရာမှ ရွာထဲ ပြန်နေသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်၍ တစ်ဖန် ထွက်ပြေးရခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။