ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ အကြား ထမ်းဆန်းဂူအပေါ်ဘက်ရှိ စစ်ကောင်စီ၏ လွယ်ဝိုးတုတ်စခန်းကို SSPP နှင့် မဟာမိတ်တပ်ဖွဲ့များ ကသိမ်းပိုက်လိုက်ကြောင်း မဟာမိတ်တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက် ၄ နာရီ ၃၀ မိနစ်တွင် မိုင်းပွန်မြို့နှင့် ထမ်းစန်းဂူ အကြားတွင် SSPP နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်ပြီး မိုင်းပွန်တွင် စစ်တပ်၊ လက်အောက်ခံPNO တပ်များနှင့် SSPP တပ်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ယနေ့ မွန်းတည့်ပိုင်းတွင် စစ်ကောင်စီ၏ လွယ်၀ိုးတုတ်စခန်းကို SSPP နှင့်မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ထမ်းဆန်းဂူအပေါ်ဘက်မှာရှိတဲ့ စကစ လွယ်ဝိုးတုတ်စခန်းကို ကျနော်တို့ ရပါပြီ။ တိုက်ပွဲကတော့ အရမ်းပြင်းထန်ခဲ့ပါတယ်။ ” ဟု တော်လှန်ရေး မဟာမိတ်သတင်းရင်းမြစ်က ပြောဆိုသည်။
တိုက်ပွဲကြားတွင် ပိတ်မိခဲ့သော ဒေသပြည်သူတစ်ဦးကလည်း “ဒီနေ့ မနက် ၄ နာရီ ၃၀ မိနစ်လောက်က ဟိုပုံးဘက်ကနေ တက်လာတဲ့ စစ်ကောင်စီ အဖွဲ့ကို မိုင်းပွန်နဲ့ ထမ်းစန်းဂူ အကြားမှာ SSPP အဖွဲ့က အနီးကပ် ဝိုင်ထားပြီး တိုက်ခိုက်တာ SSPP က ဒရုန်းတွေနဲ့ကော ချတာ စစ်ခွေးတွေဘက်မှာ လက်နက်ကြီး ထိတဲ့ကောင်တောင် ပြန်မဆွဲနိုင်ဘူး” ဟု ပြောဆိုသည်။
လက်ရှိတွင် SSPP ဘက်မှ မဟာမိတ်တပ်များ ပါဝင်တိုက်ခိုက်ကြပြီး စစ်ကောင်စီတပ်ဘက်မှ PNO တပ်များက အလုံးအရင်းဖြင့် ပါဝင်တိုက်ခိုက်နေကြောင်း သိရှိရသည်။