ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ အကြောင်းကြောင်းကြောင့် ပိတ်မိနေခဲ့တဲ့ ဆီဆိုင်မြို့ သီရိရပ်ကွက်က ပြည်သူ ၂၀ ဦးအနက် ဒုတိယအသုတ်အဖြစ် ပြည်သူ ၈ ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ လူမှုကူညီသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
အခု ကယ်လာတဲ့ ၈ ဦးမှာ ခေါင်းထိထားတဲ့ကလေးက အရေပြားရှပ်ထိတာဖြစ်လို့ အနာကျက်နေပြီလို့သိရပြီး လေဖြတ်နေတဲ့သူ ၁ ဦး၊ ပေါင်ထိထားသူ ၁ ဦးနဲ့ ဒဏ်ရာရတဲ့သူတွေကို စဝ်စံထွန်းဆေးရုံကိုပို့ပြီး ကျန်သူတွေအတွက်နေဖို့ စုံစမ်းပေးနေတယ်လို့ သိရပါတယ်။
`သွားခေါ်တဲ့ကိစ္စက အရမ်းအန္တရာယ်များတယ်၊ လေယာဉ်နဲ့လာဗုံးကြဲနေတဲ့ကြားက သွားခေါ်ရတာ၊ ဟိုကို ဆိုင်ကယ်တွေနဲ့သွားပြီး မိုးချုပ်နေလို့ တစ်ညအိပ်လိုက်ရတယ်၊ မနက်မှ ကားခေါပြီး တစ်ခေါက်ပြန် သွားခေါ်ရတာ၊ ဒဏ်ရာရတဲ့သူ မကျန်တော့လို့ ကျန်သူတွေ ကိုယ့်အစီအစဉ်နဲ့ကို ထွက်လာနိုင်ပါပြီ`လို့ သွားရောက်ကူညီခေါ်ဆောင်တဲ့နေရာမှာ ပါဝင်သူ ၁ဦးက မဲခေါင်ကို ပြောပါတယ်။
ပထမအသုတ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က နောက်ကျောဒဏ်ရာရသူ အမျိုးသမီး ၁ ဦး၊ အသက် ၁၃အရွယ် မိန်းကလေး ၁ ဦးနဲ့ မိသားစုဝင် ၁ ဦးကို ဆိုင်ကယ်တွေနဲ့ ခေါ်ထုတ်လာပြီး စဝ်စံထွန်းဆေးရုံကို တင်ပို့နိုင်ခဲ့ပြီးနောက် အခု ဒုတိယအနေနဲ့ ၈ ဦးကို ခေါ်ထုတ်နိုင်ခဲ့တာ ဖြစ်လို့ ဆီဆိုင်မြို့ထဲပိတ်မိနေသူ စုစုပေါင်း ၁၁ ဦးကို ခေါ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်က စစ်ကောင်စီက လက်နက်ကြီးနဲ့ဒရုန်းနဲ့ဗုံးချလို့ ဆီဆိုင်မြို့ကို ပစ္စည်းပြန်သယ်တဲ့ သူ ၇ ဦး သေဆုံးခဲ့ရပြီး ၆ ဦး ဒဏ်ရာရခဲ့တာမှာ ဆီဆိုင်မြို့ကို ပြောင်းဆံပြန်သယ်တဲ့ ဒဏ်ရာရတဲ့သူ ၃ ဦးအနက် ဘုရားဖြူရွာက ၂ ဦး ခြေထောက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် ညနေက စပြီး ဆီဆိုင်မြို့ကို လေယာဉ်နဲ့ဗုံးကြဲ၊ ဒရုန်းနဲ့ဗုံးချပြီး အဝေးကလက်နက်ကြီးတွေနဲ့ ပစ်နေတာအပြင် မြေပြင်တိုက်ပွဲတွေလဲ ပြုလုပ်နေပေမယ့် ၁လနီးပါးကြာသည်အထိ ဆီဆိုင်မြို့ကို ပြန်မရသေးဘဲ PNLA က ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။