စစ်အာဏာရှင်တိုက်ဖျက်ဖို့ မွန်ပြည်သစ်ပါတီ ကနေ အခုလအတွင်းမှာ ခွဲ့ထွက်ထားတဲ့ NMSP-AD နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အကြား မဟာမိတ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အားလုံးအတွက် စဉ်ဆက်မပြတ်ဆွေးနွေးဆောင်ရွက်သွားကြဖို့ မနေ့က သဘောတူညီခဲ့ကြပါတယ်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-ADရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် နိုင်ဇေယျနဲ့ NUG ဘက်က မဟာမိတ်ဆက်ဆံရေးကော်မတီအဖွဲ့ တာဝန်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အွန်လိုင်းမှာ မနေ့ကတွေ့ဆုံခဲ့ကြပြီး တော်လှန်ရေးလုပ်ငန်းစဉ်မှာ လက်တွဲဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကာ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့ NMSP-AD က ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်တွေ အပြီးတိုင် တိုက်ဖျက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာတဲ့ မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး ကဏ္ဍအားလုံးဟာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့လည်း NMSP-AD က ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
အခုတွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒု အဖွဲ့ခေါင်းဆောင် ၁ နိုင်ဗညားလယ်၊ ဒု ခေါင်းဆောင် ၂ ဗိုလ်ချုပ် လယိဂကောင်း၊ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်နဲ့ NUG ဘက်က ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်တို့ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက် ဖျက်ရေး) – NMSP-ADအဖွဲ့ဟာ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ မဖြစ်နိုင်တော့တာကြောင့် နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ကြေညာခဲ့ပြီး စစ် ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ မွန်ပြည်သစ်အဖွဲ့ကနေ ခွဲထွက်လာခဲ့တာပါ။
ဥက္ကဌ နိုင်ဟံသာဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ NMSP ကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်NCA ကို ဆက်လက်ဆွဲကိုင်ထားပြီး စစ်ကောင်စီနဲ့ အဆက်သွယ်မဖြတ်ဘဲ ဆက်လက် ဆက်ဆံနေသင့်တယ်ဆိုတဲ့ မူကို ကိုင်စွဲထားပါတယ်။
မွန်ပြည်သစ်ပါတီဟာ ၁၉၅၈ ခုနှစ်မှာ စတင် အခြေတည် ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ NCA ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။