ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ အရှေ့ခြမ်းတစ်နေရာက စစ်ကောင်စီရဲ့စစ်စခန်း ၁ ခုကို ယမန်နေ့ကသိမ်းပိုက်တဲ့ တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တာလို့ PNLA က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ယမန်နေ့က ဟိုပုံးမြို့နယ်အရှေ့ခြမ်း က လွယ်ဝိုးတုတ်ကျေးရွာအနီးက စစ်စခန်း ၁ ခုကို သိမ်းပိုက် ရရှိပြီးနောက် ရှင်းလင်းရာမှာ RPG ပုခုံးထမ်းနောက်ပွင့်ရိုင်ဖယ် ၁ လက်၊ ပစ္စတို ၁ လက်နဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့ကို လေယာဉ်နဲ့ ၃ ကြိမ်ဗုံးကြဲခဲ့ပြီး ထမ်ဆမ်းဂူဒေသနဲ့ ထမ်ဆမ်း ရွှေတိဂုံစေတီတော်မှာ လက်နက်ကြီးအထိုင်ချပြီး မဲနယ်တောင်ဒေသကို လက်နက်ကြီးနဲ့ အချက်ပေါင်း ၁ ရာ နီးပါးပစ်ခတ်တိုက်ခိုက်ခဲ့ကာ ခရီးသွားပြည်သူတွေရဲ့ ကားများကိုလည်းပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲလို့ ပါရှိပါတယ်။
စစ်ကောင်စီရဲ့လက်အောက်ခံပြည်သူ့စစ်တွေအနေနဲ့ စစ်အာဏာရှင်ကိုကာကွယ်ပေးနေရာကနေ ရုန်းထွက်ပြီး အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ကို အမြန်ဆုံးကူးပြောင်းကြဖို့ ထပ်မံတိုက်တွန်းကြောင်းနဲ့ မိမိတို့ကို လူမှုကွန်ရက်ကနေဆက်သွယ်လှူဒါန်းကြသူတွေကိုလည်း
အထူးကျေးဇူးတင် မှတ်တမ်းတင်တယ်လို့ ပါရှိပါတယ်။
ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ လွိုင်လင်မြို့နယ်တွေက စစ်ဘေးရှောင်ရတဲ့ ရပ်ကွက် ၆ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၁၂၀ ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ကောက်ယူထားတဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။