မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့ မှာ မတရားဖမ်းဆီးခံထားရတဲ့ ဒေသခံ ၅ ဦးကို စစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာပုဒ်မတွေ နဲ့ စွပ်စွဲပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။
အခုလအတွင်း မှာ သံဖြူဇရပ်မြို့နယ်က မတရားဖမ်းဆီးခံထားရသူ ၈ ဦးကို စစ်ကောင်စီ က ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီထဲကမှ အမျိုးသမီး ၃ ဦးကို ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ပြီး အမျိုးသား ၂ ဦးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ကျန်အမျိုးသား ၃ ဦးကိုတော့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းချထား ပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့် မရတဲ့အပြင် ရှေ့နေငှားခွင့်ပါ မပေးဘူးလို့ မိသာစုဝင်တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက်က အိမ်ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဦးနန်းမြင့်ဦးကို စစ်ကောင်စီတပ်က PDF ထောက်ပံရေးလုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့ ဦးနန်းမြင့်ဦးဟာ NUG နဲ့ PDF အဖွဲ့တွေကို ထောက်ပံရေးတွေလုပ် ဆောင်နေတဲ့အပြင် တရားမဝင် လက်နက်ကိုင်ဆောင်တာတွေ စစ်ဆေးတွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သံဖြူဇရပ် ရဲစခန်းမှာ အမှုဖွင့်အရေးယူ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးနန်မြင့်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်အထိချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၀(ဈ)၊ ၅၂(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေကို သုံးလအတွင်း စစ်ကောင်စီက အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံရသူ ၁၀ ဦးခန့် ရှိလာပြီးဖြစ်တယ်လို့ ဆိုပါတယ်။
သံဖြူဇရပ်မြို့ စစ်ကောင်စီ အဖွဲ့ က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ထဲက မြို့ခံ ၆၀ ဦးနဲ့အထက်ကို မတရားစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပြီး ၃၀ ဦးကိုတော့ စစ်ဆေးမေးမြန်းကာ ပြန်လည်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိတဲ့ သူတွေကိုတော့ စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီး ထားကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို အကြမ်ဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆို ခံထားရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။