ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာသို့ ပြည်သူ့စစ်သင်တန်းအတွက် လူစုရန်လာသည့် စစ်ကောင်စီ၏ ရဲတစ်ဦး အဆိပ်မိသေဆုံးသွားကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၃)ည ၁၂ နာရီခန့်က စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ အင်အား ၃၀ ခန့်ဖြင့် ရောက်ရှိနေသော ဘော်ဘင်ရွာဘုန်းကြီးကျောင်း၌ ကင်းစောင့်နေသည့်ရဲတစ်ဦး ကွမ်းစားရင်း အဆိပ်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ည ၁၂ နာရီလောက်မှာ ဖြစ်တာ။ ဘုန်းကြီး ကျောင်းမှာ တပ်ဆွဲထားရင်း ကင်းစောင့်နေရင်းက ကွမ်းယာစားတာ။ အဲ့လိုစားနေရင်းက အမြုပ်တွေထွက်လာပြီး သေတာ”ဟု ဇီးကုန်းမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဥ်နှင့်စပ်လျဥ်းပြီး စစ်ကောင်စီဘက်မှ သတင်းအားဖုံးဖိထားသော်လည်း ၎င်းတို့၏ထောက်တိုင် ပျူစောထီးအဖွဲ့မှ အဆိပ်ခပ်လုပ်ကြံသည်ဟု ယူဆနေကြောင်း ဒေသခံများက ပြောဆိုကြပြီး သေဆုံးရသည့်အကြောင်းအရင်းကို People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။
ကွမ်းစားရင်းအဆိပ်မိသေဆုံးသွားသော ရဲ တပ်သားမှာ ဗိုလ်ချမ်း(ခ)ချမ်းချမ်းဖြစ်ပြီး အသက် (၂၅)နှစ်ခန့်ရှိကာ ဇီးကုန်းမြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ယင်းကဲ့သို့ ရဲတစ်ဦးအထက်ပါအတိုင်း သေဆုံးမှုဖြစ်ပွားပြီးနောက် ဘော်ဘင်ကျေးရွာတွင် စစ်ကောင်စီတပ်က အင်အားထပ်တိုးချထားရာ ရဲနှင့်စစ်သား ၅၀ခန့်ရောက်ရှိ တပ်စွဲထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ထို့အပြင် ၎င်းဘော်ဘင်ကျေးရွာသို့ စစ်ကောင်စီတပ်က ပြည်သူ့စစ်အင်အားစာရင်း တောင်းယူထားရာ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်သူက အလုပ်လက်မဲ့ သက်ကြီးပိုင်း လူအယောက် ၅၀ ခန့်အား စာရင်းပေးထားကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်အာဏာသိမ်းမှု (၃)နှစ်ကျော်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ခုခံတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အင်အားချီနဲ့လာရာ ယခုနှစ် ဖေဖော်ဝါရီ ၁၀ရက်ကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအသက်ဝင်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။