ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
ဖေဖော်ဝါရီ ၂၄ရက် မနက် ၇နာရီမှစတင်ပြီး ခလရ(၁၄၁) တပ်ရင်းကို KIA၊ KPDF ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်နေကြောင်း ၎င်းက အသိပေးသည်။
KIA ပူးပေါင်းတပ်သည် ဆင်ဘိုမြို့ ကို ဖေဖော်ဝါရီ ဒုတိယ ပတ်တွင် တိုက်ခိုက်ခဲ့ရာ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထို့ပြင် မြို့နှင့်မိုင်အနည်းငယ်အကွာရှိ ခလရ(၁၄၁) စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်ခဲ့သော်လည်း တစ်ရက်အကြာ တွင် ထိုးစစ်ဆင်မှုကို ရပ်ကာ ယနေ့ မနက်တွင် ပြန်လည် ထိုးစစ်ဆင်ခြင်းဖြစ်သည်။
ထိုစဉ်ကတည်းက ဆင်ဘိုမြို့ကို KIAက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆင်ဘိုမြို့သည် ၂၀၀၂ ခုနှစ်တွင်မှ ရွာအဖြစ်မှ မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်နေထိုင်သည်။
ယနေ့ နံနက်တွင် စစ်ကောင်စီတပ်၏ တံတားဦး ၊နေပြည်တော် လေတပ်၊ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းများမှ တိုက်လေယာဥ်များ အလုပ်များနေ ပျံသန်းမှုများနေကြောင်း စစ်ကောင်စီ၏လေကြောင်းပျံသန်းမှုသတင်းများကို သတိပေးဖော်ပြနေသော Enemy Air Route Channel (EAR ) မှသိရသည်။ နေပြည်တော်လေတပ်မှ တိုက်လေယာဥ်အချို့ အနောက်တောင်ဘက်သို့ ပျံသန်းသလို ၊ရှမ်းတဲလေတပ်မှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်အချို့ အနောက်တောင်သို့ပျံသန်းသည်။ တံတားဦးမှ တိုက်လေယာဥ်အချို့ အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ပျံသန်းခဲ့သည်။ယနေ့နံနက် ၁၀ နာရီ ၄၄ မိနစ်တွင် ဂျက်ဖိုက်တာတစ်စင်း အနောက်မြောက်ဘက်သို့ ပျံသန်းပြီး ၊ထိုလေယာဥ်မှာ နောက် ၅ မိနစ်အကြာတွင် စစ်ကိုင်းကိုဖြတ်သန်း၍ မြောက်ဘက်သို့ဦးတည်နေ၍ ကချင်ပြည်နယ်သို့ ပျံသန်းခြင်းဖြစ်နိုင်ဖွယ်ရှိသည်။
KIA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မံစီမြို့နယ် စီခမ်းကြီး စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ အလက် ၅၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့သည်။
စစ်ကောင်စီအနေဖြင့် လေကြောင်း ပစ်ကူများစွာပေး တိုက်ခိုက်နေသည့်ကြားမှ စီခမ်းကြီးကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် ရွှေကူမြို့နယ် မြို့လှ ဒေသအခြေစိုက် စစ်ကောင်စီ ဗျူဟာစခန်းသည်လည်း KIA ၏ သတိပေးစာပေးပို့ပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၂၂ရက်တွင်စခန်းကို စွန့်ခွာရုတ်သိမ်းသွားခဲ့သည်။ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၈၇) ဗျူဟာမှူး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ အလင်းဝင်ရန် KIAက ဖေဖော်ဝါရီ ၁၉ရက်တွင် သတိပေးစာ ပို့ခဲ့ပြီးနောက် ၃ရက်အကြာတွင် စစ်ကောင်စီတပ်က စခန်းစွန့်သွားခြင်းဖြစ်သည်။
ထို့ကြောင့် မြို့လှဒေသကို လက်ရှိတွင် KIAက ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။KIA သတင်းရင်းမြစ်တစ်ဦးကလည်း မြို့လှ ဒေသကို သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောပြသည်။
မြို့လှမြို့ သည် ရွှေကူမြို့နယ်အတွင်းတည်ရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ ၊ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄၀၀၀ ကျော်ရှိသည်။