ဂန့်ဂေါမြို့ ၊ စန်းမြို့ရွာအတွင်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးနောက် မြေမြုပ်မိုင်းများထောင်သွား၍ ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။
စန်းမြို့ရွာကို ဖေဖော်ဝါရီလ ၁၆ရက်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးစစ်ကြောင်းက ဝင်ရောက်လာပြီး နေအိမ်များအားမီးရှို့ဖျက်ဆီးကာ ဖေဖော်ဝါရီ ၁၇ရက်တွင် ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။
“တစ်ရွာလုံးမှာ စွန့်ပစ်မိုင်းတွေထောင်ခဲ့တာလို့ပြောလို့ရပါတယ်။ သူတို့ပြန်မရုတ်သိမ်းတော့မယ့်မိုင်းတွေပေါ့။ လောလောဆယ်မှာဒေသခံတွေကို ရွာထဲကိုပြန်ဝင်ဖို့ကန့်သတ်ထားရတဲ့အနေအထားပါ” ဟု ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စန်းမြို့ရွာသည် အိမ် ခြေ ၂၀၀ ခန့်ရှိသည့်ရွာကြီးဖြစ်ပြီး စစ်ကောင်စီကအကြိမ်ကြိမ်စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့သည့်ရွာဖြစ်သည်။ ယခုအခါ တစ်ရွာလုံး မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဒေသခံများသည် တောင်ယာများ၌ ယာယီတဲများဖြင့် စစ်ဘေးရှောင်နေကြရကြောင်း သတင်းရရှ်ိသည်။
ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ မြောင်ခင်ရန်းရွာအပါအဝင် ခုနစ်ရွာခန့်သာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။