ဒီနေ့မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့မှာ မွန်တိုင်းရင်းသားများအားလုံး တစ်စုတစ်စည်းတည်း ညီညွတ်စွာနဲ့ အကြမ်းဖက်စစ်အုပ်စုကို အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲပြီး တော်လှန်တိုက်ပွဲ ဝင်နိုင်ပါစေကြောင်းနှင့် အနာဂတ်ကာလမှာ တန်းတူညီမျှပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိ တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်ကြစေဖို့ ဆုမွန်ကောင်းတောင်းပေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ပြတယ်။
မွန်တိုင်းရင်းသားတွေဟာ လူမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပြီး ဗုဒ္ဓသာသနာ ထွန်းကားရေး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ အထင်အရှားရှိပြီး ခေတ်အဆက်ဆက် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝကျင့်သုံးခဲ့ကြတဲ့ လူမျိုးတွေလည်း ဖြစ်တယ်ဆိုတာနဲ့ ၂၀၂၁ခုနှစ်၊ အကြမ်းဖက်စစ်အုပ်စုရဲ့ မအောင်မြင်တဲ့ အာဏာလုယူမှုနောက်ပိုင်းမှာတော့ မွန်အမျိုးသားတွေလည်း အခြားတိုင်းရင်းသားများနည်းတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နိုင်ရေး အိပ်မက်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ရက်က မွန်အမျိုးသားခေါင်း ဆောင်အချို့ဟာ ပြည်သူ့နွေဦးတော်လှန်ရေးမှာပါဝင်ပြီး အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်တိုက်ထုတ်သွားမယ်လို့ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါကြေညာချက် အပေါ်မှာ မွန်တိုင်းရင်းသားများ၊ မွန်တော်လှန်ရေးအဖွဲ့အစည်းများသာမက နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတဲ့ ပြည်သူတွေကပါ ထောက်ခံအားပေးကြတဲ့ အတွက် ပြည်သူ့နွေဦးတော်လှန်ရေးအတွက် ခွန်အားတစ်ရပ်ဖြစ်စေခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။