ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ၌ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့ဝင် ၃ ဦး နှင့် စစ်ကောင်စီရဲ ၇ ဦးထိပ်တိုက်တိုးပြီးတိုက်ပွဲဖြစ်ရာ စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ဦး သေဆုံးပြီး ၁ ဦးကိုအရှင်ဖမ်းမိကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။
ဖေဖော်ဝါရီ ၂၅ရက်မနက်တွင် ဆိုင်းတောင် ရှမ်းကုန်းစျေး၌ ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။
“ဒီမနက် ၉နာရီလောက်မှာ ဖားကန့် ဆိုင်းတောင် ရှမ်းကုန်းစျေးမှာ ရဲ ၇ယောက် ထွက်လာတာနဲ့ KPDF သုံးယောက်စျေးဝယ်ပြီးထွက်လာတာနဲ့စျေးမှာတွေ့လို့ တိုက်ပွဲဖြစ်ကြတာ။အဲဒီမှာ ရဲ ၂ယောက် သေပြီး ၁ယောက်ကို အရှင်ဖမ်းသွားတယ်လို့ ကြားရတယ်။ “ ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံရဲများထံမှ လက်နက်ခဲယမ်း သိမ်းဆည်းရရှိခြင်းရှိ၊ မရှိကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
KPDFသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိပြီး KIAက ဦးစီးဖော်ဆောင်နေသည့် ကချင်ဒေသ စစ်ဆင်ရေးများ၌ ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။
ဆိုင်းတောင်ကျေးရွာအနီးတွင် KIA ၊ KPDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့ ၂၀၂၃ အောက်တိုဘာ ၃ ရက် ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။