မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးတစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဖေဖော်ဝါရီ၂၅ ရက်)နံနက် ၇နာရီခန့်က စဥ့်ကူးမြို့နယ်၊ စားကျက်ကြီးကျေးရွာ၌ ပြုလုပ်နေသည့် ပျူစောထီးသင်တန်းဆင်းပွဲသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်က (၁၂၀)မမနှင့် (၈၁)မမ လက်နက်ကြီးများ တပ်ဆင်၍ အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်မှုကြောင့် စဥ့်ကူးမြို့နယ်၊ ရွာတော်ကျေးရွာနေ (၁၄)နှစ်ခန့် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး ကလေးမိခင်တစ်ဦး ဒဏ်ရာရရှိကာ အသက်(၈၀)ခန့် အဘွားအိုတစ်ဦးလည်း ခြေတစ်ဖက်ထိမှန်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။
ထို့အပြင် ရွာသာရွာနေ ပြည်သူတစ်ဦး ၊ ငှက်စားရွာနေ ပြည်သူတစ်ဦး ၊ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိမ့်ရွာနေ ပြည်သူတစ်ဦးတို့ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။
“ပစ်တာတော့ အတော်အများပဲ။ ရေထဲကျတာတွေလည်းရှိတယ်။ စဥ့်ကူးနယ် မြစ်အရှေ့ဘက်ကနေထုတာ။ ပျူသင်တန်းဆင်းပွဲရှိလို့ ပတ်ထုနေတာ။”ဟု ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် စေတီု့ထိုးအုတ်တံတိုင်းအချို့လည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
” ထုံးကြီး၊စားကျက်အပိုင်းတို့မှာ ပျူသင်တန်းပေးနေတာကြာပြီ။ ဒီနေ့သင်တန်းဆင်းပွဲရှိတယ်လို့ သိရတယ်။မနေ့က သပိတ်ကျင်းနယ် ချောင်းကြီးရွာတောကျောင်းမှာ အထိုင်ချနေတဲ့ စစ်ခွေးအုပ်စု ဆင်းလာတယ်။”ဟု စဥ့်ကူးနယ်အခြေစိုက် တော်လှန်ရေးအင်အားစုမှ ဗိုလ်ကင်းက ဆိုသည်။
စဥ့်ကူးမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားကောင်းသော ဒေသတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ၂၂ ရက် နံနက်ပိုင်းကလည်း စဥ့်ကူးမြို့နယ်၊ သီလရွာထိပ်ရှိ စစ်ကောင်စီတပ်မှာ ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။