ရှမ်းပြည်မြောက်၊ လားရှိုးမြို့ပေါ်က ရပ်ကွက်တွေမှာ စစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ယူနီဖောင်း ဝတ်တွေဟာ မောင်းပြန်သေနတ်တွေကိုင်ပြီး လောင်းကစားဝိုင်းတွေမှာ လုံခြုံရေးယူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေးကောင်ဂျင်၊ ငါးမန်းဂိမ်း၊ ရှမ်းကိုးမီးနဲ့ဒေသအခေါ်ဂုံးကင်းဟုခေါ်သော ကြိုးနဲ့ ဆွဲရတဲ့ ခြောက်ကောင်ဂျင် လောင်းကစားဝိုင်းတွေကို ပြည်သူ့စစ်တွေဟာ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေတယ်လို့ လာရှိုးမြို့ခံတွေက ပြောပါတယ်။
“ခေးနင်းပြည်သူ့စစ်နာမည်နဲ့ လောင်းကစားဝိုင်းတွေက ရပ်ကွက် (၅/၆/၇)နားမှာ တစ်ဝိုင်းမြို့ပြင်ကားကြီးကွင်းနားက သူတို့ပြည်သူ့စစ်ရုံးမှာ တစ်ဝိုင်းဖွင့်ထားတာ၊ ရိုးရိုးသားသား လောင်းကစားရုံဖွင့်ထားတာ မဟုတ်ဘူး ခေးနင်းပြည်သူ့စစ်ယူနီဖောင်းဝတ်ထားပြီး မောင်းပြန်ရိုင်ဖယ်လက်နက်တွေ ကိုင်ထားတဲ့ပြည်သူ့စစ် ဆယ်ယောက်လောက်က အစောင့်လုပ်ပြီးကိုဖွင့်နေတာပါ” လို့ လားရှိုးမြို့ သတင်းအရင်းမြစ် တစ်ဦးကပြောပါတယ်။
အဲ့ဒီ့ ခေးနင်းပြည်သူ့စစ်ကို ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဖွဲ့စည်းခဲ့ပြီး စစ်တပ်နဲ့အတူ လုံခြုံရေးယူကာ ဒေသကိုကာကွယ်ဖို့ ဖွဲ့ထားတာဆိုပေမယ့် လက်ရှိမှာတော့ လောင်းကစားဝိုင်းတွေကိုသာ ဦးဆောင်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
လောင်းကစားဝိုင်းတွေကို ဦးဆောင်ပြုလုပ်နေသူဟာ ခေးနင်းပြည်သူ့စစ်လို့ နာမည်ပေးထားတဲ့ အဖွဲ့က ဝဏ္ဏမင်းဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့ ဝဏ္ဏမင်းဆိုသူဟာ စစ်ကောင်စီ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) မှ ဒုတိုင်းမှူးဆိုတဲ့သူကိုလည်း မကြာခဏပြောဆို ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ပေါ် လောင်းကစားရုံတွေကို ရဲ၊ နယ်ထိန်း၊ စရဖတို့ကို လိုင်းကြေးပေးဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရှမ်းမြောက်တိုက်ပွဲများ မစခင်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ လောင်းကစားဝိုင်းတွေကို စိတ်ကြိုက်ဖွင့်လှစ်ခွင့် ပေးခဲ့တာကြောင့် လားရှိုးမြို့တွင်း ခိုးဆိုးလုနှိုက်မှုတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။