စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊လေယာဥ်ဖြင့် ဗုံးကြဲမှုအပါအဝင် ဒရုန်းများဖြင့် မီးလောင်ဗုံးပါအသုံးပြုလာတိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ် လွိုင်ကော်မြို့တစ်ဝက်ခန့်မှာ ပျက်စီးသွားကြောင်း မြေပြင်ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။
စစ်ကောင်စီ၏ ပင်မအခြေစိုက်ရာဖြစ်သည့် လွိုင် ကော်မြို့ကို သိမ်းပိုက်ရန် ကရင်နီတော်လှန်ရေး အင်အားစုများက ယမန်နှစ် နိုဝင်ဘာကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံခန့်ကို ကရင်နီပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်သော်လည်း စစ်ကောင်စီ အခြေစိုက်နေရာများကိုမူ ထိုးဖောက်နိုင်ရေးအတွက် နှစ်ဖက်ထိတွေ့မှုများ နေ့စဥ်ရှိနေသည်ဟု ဆိုသည်။
“ဟိုတယ် မင်္ဂလာတဝိုက်ကောနှစ်ထပ်ဈေးတဝိုက်ကော ဒေါဥခူ ၊နောင်ယား ၊လက်နက်ကြီး ၊လေယာဉ် ၊ရှို့မီး ၊သူခိုးတွေကြောင့် ဘာမှရစရာ မရှိတော့ဘူး။ရှမ်းပိုင်း၊ ဒေါနိူးကူးလည်း လောင်ထား ၊ကျထားတာတွေရှိနေပြီ”ဟု လွိုင်ကော်မြို့ခံ သတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် လွိုင်ကော်မြို့အတွင်းသို့ ပြန်ဝင်ကာ ကိုယ်ပိုင် ပစ္စည်းပြန်သယ်ထုတ်ကြသည့် ပြည် သူများအနက်မှ ပြန်ထွက်လာနိုင်သူများရှိသလိုစစ်ကောင်စီက ဖမ်းဆီးခံရသော ပြည်သူများရှိကြောင်းလည်း လွိုင်ကော် စစ်ရေးသတင်းများဖော်ပြနေသည့် JOBS For Kayah က အသိပေးသည်။
“စစ်ရေးအရ မရ၊ရအောင်နိုင်ရမယ်။ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ကွက်စရာ မလိုဘူးဆိုတဲ့ ပုံစံမျိုးကို စစ်ကောင်စီက ကျူးလွန်နေတာ ဖြစ်တယ်။ဒါကလည်း အခုမှ မဟုတ်ပါဘူး။အရင်ကတည်းက စစ်ကောင်စီက လုပ်ဆောင်ခဲ့တာပါပဲ”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီမှ နေ့စဥ် လက်နက်ကြီးပစ်ခတ်ခြင်း ၊ ဒရုန်း ၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း များကို နေ့စဥ်ပြုလုပ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လွိုင်ကော်မြို့တွင်း၌ ပြည်သူများနေထိုင်သွားလာရန် မသင့်ဟု KNDF က မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများမပြုလုပ်ရန် ၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်းအချက်လက်များကို ရယူရန် ၊ပစ္စည်းပြန်သယ်ယူခြင်းများကို တတ်နိုင်သမျှ မပြုလုပ်ရန်နှင့် လုံခြုံရေးကို ဦးစားပေး၍ စစ်ရေးသတိရှိရန်လည်း တိုက်တွန်းထားသည်။