ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် AA ထံတွင် အလင်းဝင်လာကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။
ရဲအုပ်ကျော်စိုးအောင် ဦးစီးသော ပုဏ္ဏားကျွန်းမြို၊ မြိုမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အင်အား ၂၃ ဦးသည် ရက္ခိုင့်တပ်တော် သိမ်းပိုက်နေစဉ်ကာလအတွင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် AA ထံတွင် အလင်းဝင်ရောက်လာကြောင်း၊ အလင်းဝင်ရခြင်းမှာ အင်အား မလုံလောကြောင်း စစ်ကောင်စီထံတင်ပြသော်လည်း စစ်ကူမပေးကြောင်း၊ ရိက္ခာလည်း မလုံလောက်ကြောင်း၊ ထို့ပြင် ပုဏ္ဏားကျွန်းတွင် ၂ နှစ်တာဝန်ထမ်းဆောင်ရမည်ဟု ပြောဆို နေရာပြောင်းရွှေ့ခဲ့ရသော်လည်း ၃ နှစ်ရှိလာချိန်တွင်လည်း ပုဏ္ဏားကျွန်းတွင်ပင် ဆက်လက် တာဝန်ထမ်းဆောင်ရ ခြင်းတို့ကြောင့် AA ထံတွင် အလင်းဝင်ရခြင်းဖြစ်ကြောင်း ရဲအုပ်ကျော်စိုးအောင်က ရှင်းလင်းသည်။
“အလင်းဝင်ရခြင်း ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရှိတဲ့အင်အားနဲ့ မြို့မရဲစခန်း အင်အားနဲ့ မလောက်ငတဲ့အတွက် ကျနော်တို့မှာ အင်အားနည်းပါတယ်။ အင်အားနည်းတဲ့အတွက် လူကြီးတွေကို တင်ပြတယ်။ အင်အားနည်းတဲ့အတွက်ကျနော်တို့ဆီ လာပူးပေါင်းပေးပါ။ လူကြီးတွေက ကျနော်တို့ဆီကို အင်အားပူးပေါင်းပေးခြင်းမရှိပါဘူး။ နောက်တစ်ခုက ကျနော်တို့ဆီမှာလည်း စားဝတ်နေရေး အနေအထားနဲ့ ရိက္ခာကမရှိပါဘူး။ ကျနော်တို့ဆီမှာ ရေရှည်အတွက် ရိက္ခာတောင့်ခံနိုင်ခြင်းမရှိတဲ့အတွက် ကျနော်တို့ လာရောက်ပူးပေါင်းရခြင်းဖြစ်ပါတယ်။ လာရောက်အလင်းဝင်ရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ ပြည်မကနေ ရခိုင်ပြည်နယ်ကို ၂ နှစ်တာဝန်နဲ့ လာရောက် ရခြင်းဖြစ်ပါတယ်။ ၂ နှစ်ပြည့်လို့ ပြောင်းရွှေ့မိန့်တင်မယ်ဆိုတော့လည်း ၃ နှစ်ဖြစ်သွားတယ်။ ၃ နှစ်ပြည့်တော့လည်း ပြောင်းရွှေ့မိန့်တင်တော့လည်း ပြောင်းရွှေ့ခွင့်မပေးဘူး။ နောက်တစ်ခုက လုပ်သက်ခွင့် ရှောင်တခင်ခွင့်တို့ အဲဒါတွေကိုလည်း ကန့်သတ်ထားတယ်။ အဲဒါတွေကို မခံနိုင်တော့လို့ ULA AAမှာ အလင်းဝင်တာဖြစ်ပါတယ်။ “ဟု ရဲအုပ်ကျော်စိုးအောင်က ရှင်းပြသည်။
AA ထံတွင် အလင်းဝင်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးပြီး စားဝတ်နေရေး ထောက်ပံ့ပေးကြောင်း၊ကောင်းမွန်စွာ နေထိုင်စားသောက်ရပြီး AA က လူသားချင်းစာနာထောက်သော တပ်ဖွဲ့ဖြစ်ကြောင်း၊ လှုမှုကွန်ရက်တွင် ပြန့်နှံ့နေသကဲ့သို့ AA ထံတွင် အလင်းဝင်လျှင် ရိုက်နှက် သတ်ဖြတ်မည်ဆိုသည်မှာလည်း မဟုတ်ကြောင်း၊ ကျန်တပ်ဖွဲ့ဝင်များ အလင်းဝင်ကြရန် ဖိတ်ခေါ်လိုကြောင်း ရဲအုပ်ကျော်စိုးအောင်က ဖိတ်ခေါ်သွားသည်။
“အလင်းဝင်တဲ့အချိန်မှာ ကျန်းမာရေးမကောင်းတဲ့သူတွေပါတယ်။ AA ကနေ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို ဆေးကုမှုပေးတယ်။ နွေးနွေးထွေးထွေး ကြိုဆိုတယ်။ ကျနော်တို့ စားဝတ်နေရေး ကအစ အကုန် ကျနော်တို့ နောက်ဆုံး ခြုံစရာ စောင်မပါရင်တောင်မှ ULA/ AA က ထောက်ပံ့ပေးတယ်။ အကူအညီပေးတယ်။ ကျနော်တို့ အခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေလည်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ကျန်းမာရေးကောင်းမွန်စွာနဲ့ အသက်ရှင်လျက် ULA/AA ရဲ့ ထိန်းချုပ်နေရာမှာ ကောင်းမွန်စွာရောက်ရှိနေတယ်။ စိတ်မပူနဲ့လို့ပြောချင်တယ်။ နောက် ကျနော်တို့ရဲ့ ကျန်တဲ့တပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ ULA/AA ဆိုတာ လူသားချင်းစာနာတဲ့အဖွဲ့ ။ နောက်တစ်ခု ကျနော်တို့အပေါ်မှာ ညီအစ်ကို မောင်နှမစိတ်ဓာတ်၊ ညီအစ်ကိုစိတ်ဓာတ်နဲ့ ပြုမူဆက်ဆံတဲ့ဥစ္စာကို ပြောချင်တယ်။ လေလှိုင်ပေါ်မှာ ပြန့်နေတဲ့ AA ဆီမှာ အလင်းဝင်ရင် ကျနော်တို့ကို ရိုက်မယ်၊ သတ်မယ် နှက်မယ်ဆိုတာကို မယုံကြည် ကြဘဲနဲ့ ယုံယုံကြည်ကြည်နဲ့ AA ဆီမှာ အလင်းဝင်ကြဖို့ ကျနော်အနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ရဲအုပ်ကျော်စိုးအောင်က ဖိတ်ခေါ်သွားသည်။