အကြမ်းဖက်စစ်အုပ်စုအဖြစ် ကြေညာထားသည့် စစ်ကောင်စီက ဖွဲ့စည်းထားသော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့် လက်အောက်ခံ အဖွဲ့များအားလုံးကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။
ဥပဒေပြဌာန်းခြင်း၊ ဥပဒေအာဏာတည်ခြင်း ဆောင်ရွက်ရန် အခွင့်အာဏာ လုံး၀မရှိသော အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အဓမ္မ အတည်ပြုပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းကာ ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အဓမ္မ ဖမ်းဆီးခြင်းနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းများ ဆောင်ရွက်နေသည့်အပေါ် NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဆောင်ရွက်ချက်ကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားခြင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လိုခြင်းမရှိ၍ လူငယ်များသည် စာသင်ကျောင်းနှင့် လုပ်ငန်းခွန်များမှ စွန့်ခွာ၍ အစုလိုက် အပြုံလိုက် နယ်စပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးရခြင်း၊ နယ်စပ်ဒေသ၌ လူကုန်ကူးမှုများ မြင့်တက်လာခြင်း၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ မြင့်တက်လာခြင်းနှင့် ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခြင်း စသည့်တို့ကို တွေ့ရှိရသည်ဟု ဆိုသည်။
စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်သူ့စစ်မှုထမ်းဆင်ခေါ်ရေးဗဟိုအဖွဲ့၏ ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အကြမ်းဖက်စစ်သင်တန်းများ ပေးခြင်း၊ အကြမ်းဖက် စစ်အုပ်စု အဖွဲ့ဝင်အဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပါ ပြဌာန်းချက်များကို ကျူးလွန်ကြောင်း ထင်ရှားစွာ စိစစ်တွေ့ရှိရ၍ အဆိုပါ စစ်အုပ်စု၏ စစ်မှုထမ်းဆင်ခေါ်ရေး အဖွဲ့များအားလုံးကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
NUG၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့သည် ဖေဖော်ဝါရီ ၂၄ရက်တွင်လည်း တားမြစ်မိန့်တစ်ရပ်ထုတ်ပြန်ပြီး စစ်ကောင်စီက လုပ်ဆောင်နေသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ၊ သင်တန်းပေးခြင်း စသည့် လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုများကို ကျူးလွန်ရာရောက်၍ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် တားမြစ်မိန့်ကို မလိုက်နာပါက တားဆီးနှိမ်နင်း အပြစ်ပေး အရေးယူသွားမည်ဟု ကြေညာထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးကလည်း စစ်ကောင်စီက အဓမ္မ အသက်သွင်းနေသည့် စစ်မှုထမ်းဥပဒေကို တန်ပြန်ချေဖျက်နိုင်ရေး ကြိုးစားလုပ်ဆောင်ရမည်ဟု ပြောကြားထားပြီး စစ်ကောင်စီ၏ လုပ်ရပ်သည် လူငယ်များ၏ အသက်၊ ဘ၀များကိုချနင်းရန် ကြိုးစားနေခြင်းဖြစ်၍ ဟန့်တားရန် အထူးလိုအပ်နေကြောင်း ဖေဖော်ဝါရီ ၂၀ရက် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။