မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှ မိုးကောင်း(ဖရဲသီးတန်းအနီး) တံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး၊ လမ်းပန်းဆက်သွယ်ရေးများအားလုံး ပြတ်တောက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညသန်းခေါင်အချိန်၊ ယနေ့ နံနက်အစောပိုင်းသထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု(ဖရဲသီးတန်းအနီး) ရန်ကုန်-မော်လမြိုင်လမ်းကြီးပေါ်မှ မိုင်တိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ အကြားရှိ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲခံရပြီး တံတားလုံး၀ ပျက်စီးကာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း သိရှိရသည်။
“မိုင်းကွဲတာ ဆက်တိုက်ပဲ။ တံတားကတော့ လုံး၀ ပျက်စီးသွားပြီ။ ကားတွေတော့ ဖြတ်မရလို့ ကားတန်းကြီးဖြစ်နေတယ်။ ဘယ်ဘက်က ခွဲလဲတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။