ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့ ဝမ်ပုံရွာအထိ အနောက်ခြမ်းမှာ စစ်ကောင်စီတပ်၊ PNO နဲ့ ပျူစောထီးတွေဟာ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် သေနတ်တွေဖောက်ပြီး ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် နံနက်၈ နာရီလောက်က အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီနဲ့ အပေါင်းပါတွေဟာ ဝမ်ပုံရွာထဲကို သေနတ်ဖောက်ဝင်လာတာဖြစ်ပြီး PDF တယ်လို့ စွပ်စွဲကာ အိမ်ထဲတွေကို ရှာဖွေသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာရှိတဲ့ ဝမ်ပုံကျေးရွာဟာ လူဦးရေ ၃၈၇၉ ဦးနေထိုင်ပြီး ပြောင်းသီးနှံတွေလုပ်ကိုင်တဲ့ ကျေးရွာတခုလို့ သိရပါတယ်။
ယမန်နေ့ကလဲ ပင်လုံ-ကျောက်တန်း လမ်းဘက်မှာ PNO တွေဟာ သေနတ်အတွဲလိုက် ပစ်ဖောက်တာကြောင့် အနီးအနားကရွာတွေ ထိတ်လန့်တကြား ဖြစ်ကာ လာသမျှကားတွေက ပါတဲ့ ပစ္စည်းတွေကိုလည်း အတင်းအဓမ္မယူဆောင်ခံခဲ့ရတယ်လို့သိရပြီး လမ်းတွေကို ၂ ထပ်ပိတ်တားဆီးခဲ့ပေမယ့် ယနေ့ မနက်မှာတော့ ဟိုပုံး-ကျောက်တန်း-ပင်လုံ မြို့ရှောင်လမ်းကို ဖွင့်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီတပ်ဟာ လက်အောက်ခံ PNO ပြည်သူ့စစ်တွေအပြင် နမ့်စန်မှာဖွဲ့ထားတဲ့ ပျူစောထီးတွေကိုပါ ပူးပေါင်းပြီး မိုင်းပွန်-ပင်လုံ- လွိုင်လင်-နမ့်စန် ပြည်ထောင်စုကားလမ်းပိုင်းကို ထိန်းချုပ်လာတာမှာ ရွာအဝင်တွေကို သေနတ်ပစ်ဖောက်ဝင်ရောက်တာဟာ ပြည်သူတွေက သူတို့ကို ကြောက်ရွံ့လာအောင် ပြုလုပ်တဲ့ အကြမ်းဖက်ပုံစံလို့ ဒေသခံတွေက ဝေဖန်ပြောဆိုပါတယ်။
စစ်ကောင်စီဟာ မိုင်းပွန်အနီးက နမ့်ဗော်ခံးရွာ၊ ဟိုပုံးအနီးက ပုန်းအယ်ရွာတွေ၊ မဲနယ်တောင်၊ လွယ်မောနဲ့ စငေါဘက်တွေကို ဟိုပုံးအခြေချက် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာအပြင် မြေပြင်တိုက်ပွဲတွေပြုလုပ်နေတာမှာ အကျအဆုံးများနဲ့ထိခိုက်ဒဏ်ရာရသူများပြားနေတာဖြစ်ပါတယ်။