အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီး ထောင်ချထားတဲ့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အတွင်းရေးမှူး ဦးတင်ကိုကို ကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။
အိုးဘိုထောင်မှာ ထောင်ဒဏ် ၄ နှစ်ချခံထားရပြီး ဒီနေ့မှာ လျော့ရက်တွေနဲ့ ပြန်လွတ်လာတာလို့သိရပါတယ်။
” ဦးတင်ကိုကို ပြန်လွတ်လာတာ ဟုတ်ပါတယ်”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းတဲ့ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေ၊. တိုင်းNLD ပါတီခေါင်းဆောင်ပိုင်းတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးပြီးနောက် ဦးတင်ကိုကို. ကို ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှု ၂ မှုစွဲဆိုပြီး စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချပါတယ်။
NLD အစိုးရ လက်ထက် မန္တလေး ကျုံးဘေးမှာ ပြုလုပ်တဲ့ ကိုဗစ်အသိပညာပေး အခမ်းအနား ဟာလူစုလူဝေးဖြစ်စေတယ်ဆိုပြီး NLD မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေကို စစ်ကောင်စီက တရားစွဲရာမှာ ဦးတင်ကိုကို ကိုပါ အမှုတွဲခဲ့တာပါ။
နောက်တစ်မှုကတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အပြီး ညပိုင်း မန္တလေးတိုင်း NLD ပါတီရုံးချုပ်ရှေ့မှာ လူထုက အောင်ပွဲခံတာကိုလည်း လူစုလူဝေးဖြစ်တယ်ဆိုပြီး စစ်ကောင်စီ က သဘာဝဘေးပုဒ်မနဲ့ တရားစွဲထောင်ချခဲ့တာဖြစ်ပါတယ်။