စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကံပြား၊ပေကုန်း၊ တဲကျီးကုန်းရွာများကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ ကံပြားရွာရှိ မပြေးနိုင်သည့် အဘွားတစ်ဦး မီးလောင်သေဆုံးပြီး ခန့်မှန်းအိမ်ခြေ ၅၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်မှစ၍ စစ်တပ်က တဲကျီးကုန်းရွာကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး တဲကျီးကုန်းရွာမှ ကံပြားရွာကို ထပ်မံ မီးရှို့ကာ တပ်ထဲ ပြန်ဝင်သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“စစ်တပ်က မီးရှို့တာ။ အကြောင်းမဲ့ ရှို့တာပါ။ အိမ်ခြေ ၅၀ လောက်ပါသွားတယ်။ ကံပြားရွာက မပြေးနိုင်တဲ့ အဘွားတစ်ယောက် မီးထဲပါသွားတယ်။ မီးလောင်တဲ့ အိမ်တွေက ဘာမှ မကျန်ဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်တပ်သည် ကျောက်စစ်ပုံ အမြောက်တပ်မှ ဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးရာတွင် ဆိတ်အကောင်ရေ ၈၀ ခန့်လည်း သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။