ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုန်း-ကျောက်တန်း-ပင်လုံ လမ်းတွင် လမ်းပိတ်ထားပြီး ဂိတ်စောင့်နေတဲ့ စစ်ကောင်စီတပ်က ကားဟွန်းတီးလို့ဆိုကာ ကားသမားကို စစ်ကားပေါ်ခေါ်တင်ပြီး PNO ပြည်သူ့စစ်တွေနဲ့အတူ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းက ပင်လုံဘက် စစ်ကောင်စီဂိတ်နားမှာ ကားတွေ နေရာယူရင်းကနေ ၂၂ ဘီးကားတစ်စီးက ယာဥ်မောင်းကို ကားဟွန်းတီးလို့ ဆိုပြီး ခေါ်ရိုက်ခံရတာလို့ သိရပါတယ်။
`သူတို့ပိတ်ထားတဲ့နား မှာ ကားဟွန်းကို မတော်တဆ ထိမိတာကို ဟွန်းတီးတယ်ဆိုပြီး ခေါ်ရိုက်ခံရတာ၊ အဲအချိန်မှာ အခြားကားတွေလည်းရပ်ကုန်ပြီး လမ်းခဏပိတ်သွားတယ်`လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ကားသမားကတော့ ပါးတွေရိုက် ခေါင်းနဲ့နံကြားတွေ ကန်ခံရတာ၊ သေနတ်ဒင်နဲ့ဆောင့်တာတွေကြောင့် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
မိုင်းပွန်မြို့အနီးမှာလဲ တိုက်ပွဲတွေအခြေအနေဆိုးလာတာကြောင့် ကားသမားတွေ ပြန်လှည့်ကြလို့လဲ လမ်းပိတ်မှုတွေဖြစ်ပွားခဲ့သလို လမ်းကြောင်းတစ်လျှောက်မှာ ကုန်ကားနဲ့ခရီးသည်တင်ကားတွေ ရာနဲ့ချီပိတ်မိနေတယ်လို့သိရပါတယ်။
မိုင်းပွန်မြို့အထွက် ခေါင်းနွဲ့တောင်အနီးနားကားလမ်းမမှာမနေ့ည ၈နာရီခွဲခန့်က ညအိပ်ကားတွေအနား စစ်ကောင်စီတပ်က လေကြောင်းကနေပစ်ခတ်တာခေါင်းနွဲ့၊ လွိုင်လင်တောင်ချွန်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကားသမားတွေ ဝရုန်းသုန်းကားဖြစ်ပြီး နောက်ပြန်လှည့်ဖို့ ကြိုးစားနေကြရာက လမ်းပိတ်နေတာပါ။
စက်သုံးဆီတွေလည်း ဈေးတွေ မြင့်တက်လာနေတာမှာ အရင်က ၁ လီတာ ၂၃၀၀ ကနေ အခု ၇၅၀၀ တောင်ဝယ်မရတဲ့အနေအထားရောက်နေသလို ကားသမားတွေလည်း ရိက္ခာပြတ်လာနေပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း MPနဲ့ CDMA ဖုန်းတွေလောက်ပဲရနေကာ လျှပ်စစ်မီးတွေလဲ ပြတ်တောက်နေတယ်လို့ သိရပါတယ်။
တောင်ကြီး-တာချီလိတ် ပြည်ထောင်စုကားလမ်းမကြီးကို တိုက်ပွဲတွေကြောင့် စစ်ကောင်စီကပိတ်ထားလို့ ပင်လုံ-ကျောက်တန်းလမ်းဘက်ကို ကားတွေ အသုံးပြုနေရပေမယ့် စစ်ကောင်စီတပ်က ဟိုပုံးဘက်နဲ့ ပင်လုံဘက် ၂ နေရာမှာ ဂိတ်ချပိတ်ထားပြီး ဖွင့်ချင်တဲ့အချိန်ဖွင့် ပိတ်ချင်တဲ့အချိန်ပိတ် လုပ်နေတာအပြင် ပစ္စည်းတွေကို အတင်းအကြပ်ယူတာ ရိုက်နှက်လာတာတွေကြောင့် ယင်းလမ်းကိုသွားလာရတဲ့ ကားတွေအားလုံး ကြောက်ရွံ့ထိတ်လန့်စွာနဲ့ သွားလာနေရပါတယ်။