စစ်အုပ်စုရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းမှုဟာ မြန်မာနိုင်ငံနဲ့အာဆီယံဒေသတွင်းရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ(UNSC) က ချက်ခြင်းအရေးယူဆောင်ရွက်ဖို့ မြန်မာနိုင်ငံလုံးရာဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (မြန်နိုင်ကွန်)ပါဝင်တဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၉၇ ဖွဲ့က မတ်လ ၁ ရက် နေ့က အိတ်ဖွင့်ပေးစာပေးပို့လိုက်တယ်လို့ သိရပါတယ်။
ပေးပို့စာတွင် ၂၀၂၄ ခုနှစ်၊ မတ်လတွင် UNSC ၏ ဥက္ကဌဖြစ်လာမယ့် ဂျပန်နိုင်ငံအနေနဲ့ စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေနဲ့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ပေးရန် ၊ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကို လွှဲပြောင်းပေးရန် ဒါမှမဟုတ် အရေးပေါ်ခုံရုံးတစ်ခု တည်ထောင်ရန်၊ စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနဲ့ ရာဇဝတ်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ မြန်မာပြည်သူတွေအတွက် တရားဝင် ကာကွယ်စောင့်ရှောက်မှုတွေ အမြန်ဆုံးစီမံဆောင်ရွက်ပေးရန်တို့ ပါဝင်တယ်လို့ သိရပါတယ်။
ယင်းပေးပို့စာတွင် လက်မှတ်ရေးထိုးပါဝင်ထားတဲ့ (မြန်နိုင်ကွန်) က ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းသက် က` လက်ရှိမြန်မာပြည်ရဲ့ အာဏာအရပ်ရပ်ကို စစ်တပ်အာဏာသိမ်း နိုင်ရန်ကြိုးစားမှု ၃ နှစ် ကျော်လာပါပြီ၊ သို့သော်လည်း ကုလသမဂ္ဂအပါအဝင် ဒေသတွင်း အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီအပေါ် ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ မရှိပါသေးပါဘူး၊ ဒီလိုမျိုး အရေးယူမှုတွေ မရှိသ၍စစ်တပ်က အင်အားကောင်းကောင်းနဲ့ လုပ်နေနိုင်မှာပါ၊ ဒါကြောင့် ဒီလိုမျိုး ကိစ္စတွေကနေ ကာကွယ်နိုင်ဖို့ တောင်းဆိုမှုမှာ ပါဝင် လက်မှတ်ရေးထိုးတာပါ`လို့ မဲခေါင်ကို ပြောပါတယ်။
ယင်းအစီရင်ခံစာရဲ့ အဆုံးပိုဒ်မှာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး မရှိမချင်း ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဟာလည်း မရနိုင်ဘူး၊ နိုင်ငံတကာ ရာဇဝတ်အဖွဲ့အစည်းဖြစ်တဲ့ တရားမဝင်မြန်မာစစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့
ရာဇဝတ်မှုတွေနဲ့ လူမျိုးသုန်းသတ်မှုတွေ အပါအဝင် ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့တဲ့ ကြီးမားကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူ တာဝန်ခံရမှာ ဖြစ်တယ် လို့ ဖော်ပြပါရှိပါတယ်။