မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ပထမဆုံးကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး စစ်သုံးစစ်အမြစ်ဖြတ်ရေးကို အဓိကထားလုပ်ဆောင်သွားမယ်လို့ ဥက္ကဌ ကိုခတ္တာကပြောပါတယ်။
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသ) ဆိုတဲ့နာမည်နဲ့ အခုနှစ် ဇန်နဝါရီလ ၃၁ ရက်က ဖွဲ့စည်းခဲ့တာပါ။
အဲဒီကျောင်းသားသမဂ္ဂကို CDM ကျောင်းသူ၊ ကျောင်းသားတွေ၊ NUG ပညာရေးဝန်ကြီးဌာနလက်အောက်က တက္ကသိုလ်တွေနဲ့ ပြည်သူ့အခြေပြုကျောင်းတွေက ကျောင်းသူ/သားတွေ၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း(BECA)အောင်မြင်ထားသူတွေစုဝေးပြီး ဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ဖွဲ့စည်းခဲ့တယ်လို့ ကိုခတ္တာ ကပြောပါတယ်။
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသ) အနေနဲ့ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ၊ စစ်အုပ်စု ဆိုတဲ့ စစ်သုံးစစ်အမြစ်ဖြတ်ရေးအတွက် အဓိကထားဆောင်ရွက်မှာဖြစ်ပြီး ကျောင်းသားထုအပါအဝင် လူထုကောင်းစားရေးနဲ့ပတ်သက်တဲ့ လူထုအကျိုးပြုလုပ်ငန်းမှန်သမျှကိုလည်း အခြားမဟာမိတ်အင်အားစုများနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကိုခတ္တာက ဆိုပါတယ်။
“အခုလက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ကျောင်းသားလူငယ်များအနေနဲ့ တတတ်တအားပါဝင်ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီးဖွဲစည်းခဲ့ပါတယ်” လို့ သူကဆိုပါတယ်။
မြို့နယ်ထဲမှာရှိတဲ့ကျောင်းသားအင်အားစုတွေကိုစုစည်းနိုင်ဖို့ အခုအချိန်မှာဖွဲစည်းခဲ့တာဖြစ်တယ်လို့ ကိုခတ္တာက ပြောပါတယ်။
စတင်ဖွဲ့စည်းအချိန်ကစပြီး လေကြောင်းတိုက်ခိုက်ခံရတဲ့ရွာတွေကို လေကြောင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်ဖြန့်ဝေအသိပညာပေးတာ၊ ကျေးရွာစာကြည့်တိုက်ပုံမှန်လည်ပတ်နိုင်ဖို့ဆောင်ရွက်တာ၊ လူငယ်စကားဝိုင်း၊ စာဖတ်ဝိုင်းနဲ့ တေးဂီတဝိုင်းတွေ လုပ်ဆောင်ထားတယ်လို့ သမဂ္ဂဆီကသိရပါတယ်။
CDM ကျောင်းဆရာတစ်ဦးက “ဒီလိုအစုအဖွဲ့ အခင်းအကျင်းတွေပေါ်လာတာကောင်းပါတယ် ကျနော်တော့သဘောကျတယ်။ စည်းဘောင်ထဲက တသမတ်တည်းလုပ်ဖို့တော့မျှော်လင့်မိတယ်။” လို့ပြောပါတယ်။
တနင်္သာရီတိုင်းမှာ အရင်က ခရိုင်၊ မြို့နယ်၊ တက္ကသိုလ်အလိုက် ကျောင်းသားသမဂ္ဂတွေရှိပေမယ့် တနင်္သာရီမြို့နယ်မှာတော့ အခုဖွဲ့စည်းတဲ့သမဂ္ဂဟာ ပထမဆုံးကျောင်းသားသမဂ္ဂဖြစ်ပါတယ်။